အုန်းတံမြက်စည်း ကုန်ကြမ်းရှားပြီး ကုန်ချော‌ဈေးတက်လာ

 

ဇူလိုင်၊ ၃၁

ဧရာဝတီတိုင်းအတွင်းက ပုသိမ်၊ သာပေါင်း၊ ငပုတောမြို့နယ်တွင်းနဲ့ ကျေးရွာတွေဘက်မှာထုတ်လုပ်ပြီး နိုင်ငံတဝန်းဖြန့်ချီနေတဲ့ အုန်းတံမြက်စည်းထုတ်လုပ်တဲ့လုပ်ငန်းဟာ ကုန်ကြမ်းရှားပါးနေတာကြောင့် ကုန်ချောဖြစ်တဲ့ တံမြက်စည်းတွေ ဈေးတက်နေတယ်လို့ ထုတ်လုပ်သူတွေကဆိုကြပါတယ်။

 ဒီလုပ်ငန်းမှာ ကုန်ကြမ်း အဖြစ် ထီးရိုးဝါး၊  အုန်းတံ ၊  နဲ့ ဆိုး(ရော်ဘာ)ပြား တို့ကို အသုံးပြုကြတာဖြစ်ပြီး အဓိကကုန်ကြမ်းဖြစ်တဲ့ အုန်းတံနဲ့ ထီးရိုးဝါးတွေ ကိုကုန်ကြမ်းရဖို့ခက်လာတာဖြစ်တယ်လို့ပြောဆိုကြပါတယ်။

 ဧရာဝတီတိုင်း ပင်လယ်ကမ်း‌ခြေ ဒေသက အုန်းတောတွေ ရခိုင် ရိုးမ အနီးက ရတာဖြစ်ပြီး ဝါးတွေပြုန်းတီးလာတာကြောင့် ကုန်ကြမ်းရှားပါးမှုတွေနဲ့ရင်ဆိုင်နေရတာလို့ အုန်းတံမြက်စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကပြောဆိုကြတာပါ။

 “ကုန်ကြမ်းရှားလာတယ် သယ်ယူစရိတ် တွေ က မြင့်လာတယ်။  အခြားအထွေထွေ ကုန်ဈေးနှုန်းတွေ ကလည်း တက်လာတော့ ကုန်ချော ပစ္စည်း ဈေး ကလည်း တက်လာတော့တာပေါ့” လို့ အုန်းတံပြက်စီး ရောင်းဝယ်ရေး လုပ်ငန်းရှင် တဦး က ဆိုပါတယ်။

 အုန်းတံပြက်စီးထုတ်လုပ်သူတွေ ဟာ အုန်းတံပြက်စီး လက်လှဲအတို ၊ စည်ပင်သာယာသုံး နဲ့ အချော အ ရှည် ခေါင်းအကွပ်ပါ ဆိုကာ အမျိုးအစား ၃မျိုး ထုတ်လုပ်ကြတာဖြစ်ပါတယ်။

 အရင်က အုန်းတံမြက်စည်း အတိုတချောင်းကို ကျပ် ၂၀၀ ရှိရာကနေ ၅၀၀ ကျပ်ကို ဈေးတက်သွားပြီး အနားကွပ်ထားတဲ့ အုန်းတံမြက်စည်းအရှည်တွေဆိုရင် ၁၅၀၀ ကျပ်ကနေ ၂၅၀၀ အထိ ဈေးကွက်ထဲမှာ ဈေးမြင့်တက်သွားတာဖြစ်ပါတယ်။

 အခုလို ကုန်ကြမ်းရှားပါးပြီး အထွေထွေဝန်ဆောင်မှုစရိတ်မြင့်တာကြောင့် တပိုင်တနိုင်လုပ်ကိုင်သူတွေဟာ အရင်က ကုန်ကြမ်းမှာယူသိုလှောင်ပြီး ကိုယ်တိုင်ထုတ်လုုပ်ကြပေမယ့် အခုအခါမှာတော့ ကုန်ကြမ်းယူ ကုန်ချောပေး လက်ခစားစနစ်နဲ့လုပ်ကိုင်ရတဲ့အခြေအနေတွေလည်းရှိလာတယ်လို့ လုပ်ငန်းလုပ်ကိုင်သူတွေက ဆိုကြပါတယ်။ 

 “ ဒေသ ထွက်ကုန်တွေ နဲ့ အခြေခံတဲ့ လက်မှုပညာ လုပ်ငန်းပါ အရင်းအနှီး မြုပ်နိုင်ရင်တော့ အကျိုး ပိုဖြစ်တယ်။  ဒါပေမယ့် အခြေခံ အကျဆုံးဖြစ်တဲ့ အုန်းတံ နဲ့ ထီးရိုးဝါး ကိုသိုလှောင်ဖို့ဆိုတာ ဂိုထောင်လိုမျိုး နေရာခြံဝင်းလို မျိုး က အစ လိုအပ်လာတော့ အရင်းအနှီး က မတတ်နိုင်ဘူး ၊ စစ်တပ် အာဏာသိမ်းပြီး ကတည်း က အရပ်ရပ် ကုန် ဈေး နှုန်းတွေ တက် လုပ်ငန်း အခွန်တွေ ဘာတွေ ကလည်း အမျိုးမျိုး ဆိုတော့ ကျပ်တည်းတယ် ”လို့ အသက် ၄၅ နှစ်ရှိ အုန်းတပြက်စီး ရက်သူ အ မျိုးသမီး တဦး ကပြောပါတယ်။

 အုန်းတံမြက်စည်းလုပ်ကိုင်ရာမှာလည်း အုန်းတံသင်၊ ထီးရိုးဝါးဖြတ် ၊ နေလှမ်း၊ ခေါင်းရက် စတဲ့လုပ်ငန်းအဆင့်ဆင့်ပြီး ကျွမ်းကျင်လုပ်သားတွေကတော့ တံမြက်စည်းအချောင်း ၅၀ အချောထည်ပြီးရင် လက်ခ တသောင်းရှစ်ထောင်ကျပ်ရကြတယ်လို့လည်း ဆက်သိရပါတယ်။

 အုန်းတံမြက်စည်းလုပ်ငန်းကိုတော့ ပုသိမ်မြို့ ရာမညရက်ကွက်မှာအများဆုံးထုတ်လုပ်ပြီးသာပေါင်း၊ ငပုတောစတဲ့ကျေးရွာတွေမှာလည်း တပိုင်တနိုင်ထုတ်လုပ်သူတွေရှိသလို မြန်မာနိုင်ငံအနှံ့ကိုတော့ ရန်ကုန်ဈေးကွက်ကတဆင့်ရောင်းကြတယ်လို့လည်း  အုန်းတံမြက်စည်း ထုတ်လုပ်သူတွေကပြောပြပါတယ်။

photo CJ