ဇူလိုင်၊ ၃၁
အင်ဒိုနီးရှားနိုင်ငံက တရားမဝင် ရွှေတူးဖော်ရေး မိုင်းတွင်း တခုထဲမှာ ရေကြီးရေလျှံပြီး ပိတ်မိနေသူ မိုင်းလုပ်သား ၈ ဦးအတွက် မျှော်လင့်ချက် မရှိတော့ဘူးလို့ ကယ်ဆယ်ရေး အဖွဲ့တွေက ယူဆနေပါတယ်။
ဂျာဗားကျွန်းက မိုင်းတွင်းမှာ ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့ အားထုတ်မှုတွေက ဇူလိုင် ၃၀ မှာ ၅ ရက်ကြာမြင့်ခဲ့ပြီး ဖြစ်ပေမယ့် အခြေအနေက တိုးတက်မှု အရမ်းနှေးကွေးနေပါတယ်။ လက်တွေ့ကျကျ သုံးသပ်မယ်ဆိုရင် ပိတ်မိနေသူ ၈ ယောက်စလုံး အသက်ရှင်နိုင်ခြေက မရှိသလောက် နည်းသွားပြီလို့ ကယ်ဆယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီ မိုင်းလုပ်သား ၈ ဦးဟာ ဂျာဗားကျွန်း အလယ်ပိုင်း၊ ပန်ကူရန်ဒန် ကျေးရွာက လိုင်စင်မဲ့ တရားမဝင် ရွှေမိုင်းတွင်း တခုရဲ့ မြေအနက် ၆၀ မီတာလောက်ကို ဆင်းသက်နေတုန်း ရုတ်တရက် ရေကြီးမှုတွေကြောင့် ပိတ်မိသွားခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပိတ်မိနေသူတွေဆီ ရောက်ရှိဖို့ အားထုတ်မှုရော၊ ရေတွေကို စုပ်ထုတ်တဲ့ လုပ်ငန်းစဉ်မှာပါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ရပြီး နှောင့်နှေးမှုတွေ ကြုံနေရပါတယ်။ ၅ ရက်လောက် ကြာမြင့်ပြီးချိန်မှာတော့ ပိတ်မိနေသူတွေအတွက် မျှော်လင့်ချက်က လုံးဝ မရှိသလောက်နီးပါး ဖြစ်သွားပါတယ်။
ရေတွေပြည့်နေတဲ့ သတ္တုတွင်းထဲမှာ မိုင်းတွင်းလုပ်သားတွေ ပိတ်မိနေတာ ၅ ရက် ကြာခဲ့ပြီဖြစ်ကြောင်း၊ သူတို့နဲ့ ပတ်သက်လို့ သတင်းဆိုးပဲ ကြားရတော့မယ်လို့ မျှော်လင့်ထားကြောင်း ကယ်ဆယ်ရေး အေဂျင်စီ ခေါင်းဆောင် အဒါဟ် ဆူဒါဆာက ဇူလိုင် ၃၀ ညနေပိုင်းမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ဂျာဗားကျွန်းမှာ ရွှေနဲ့ တခြားသတ္တုတွေကို တူးဖော်တဲ့ တရားမဝင် မိုင်းတွင်းတွေ အများအပြား ရှိနေပြီး လုံခြုံရေးစံနှုန်း အားနည်းချက်တွေကြောင့် မတော်တဆ ဖြစ်ရပ်တွေ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ လက်ရှိ ပိတ်မိပြီး အဆက်အသွယ် ပြတ်နေတဲ့ မိုင်းလုပ်သားတွေဟာ အနောက်ဂျာဗား ဒေသကနေ ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဂျာဗားရဲတပ်ဖွဲ့ဟာ အဲဒီ လိုင်စင်မဲ့ မိုင်းတွင်းကို လုပ်ငန်း လည်ပတ်ဖို့ ဦးဆောင်နေသူ ၄ ဦးကို စွဲချက်တင်ခဲ့ပါတယ်။ တကယ်လို့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် သံသယ တရားခံတွေဟာ အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၅ နှစ်၊ ဒါမှမဟုတ် ရူပီးငွေ ၁၀၀ ဘီလီယံ (ဒေါ်လာ ၆.၆ ဘီလီယံ)ထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။
၂၀၂၁ ခုနှစ်တုန်းက အင်ဒိုနီးရှားရဲ့ ဆူလာဝေဆီ ဒေသမှာ တရားမဝင် ရွှေမိုင်းတွင်းတခု ပြိုကျပြီး လူ ၆ ဦး သေဆုံးခဲ့ဖူးပါတယ်။ အဲဒီမတိုင်ခင် ၂ နှစ်တုန်းကလည်း လိုင်စင်မဲ့ တူးဖော်နေတဲ့ ရွှေမိုင်းတွင်း ပြိုကျပြီး မိုင်းလုပ်သားတွေကို ပိမိတာကြောင့် ၁၆ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၁၆ မှာတော့ ဆူမားတြား ကျွန်းပေါ်က ဂျမ်ဘီ ဒေသမှာ မြေပြိုပြီး တရားမဝင် ရွှေမိုင်းတွင်းကို ဖုံးလွှမ်းခဲ့ရာက မိုင်းလုပ်သား ၁၁ ဦး သေဆုံးခဲ့ပါတယ်။
Ref: AFP