ဇူလိုင်၊ ၃၁
နိုက်ဂျားနိုင်ငံမှာ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ရေးအရ တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း အနောက်အာဖရိက ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေက သတိပေး ပြောကြားလိုက်ပါတယ်။
အခုအခါမှာတော့ အနောက် အာဖရိက နိုင်ငံတချို့ရဲ့ ခေါင်းဆောင်တွေ စုပေါင်းပြီး နိုက်ဂျား အာဏာသိမ်း စစ်တပ် အနေနဲ့ သမ္မတ မိုဟာမက် ဘာဇိုအွမ်ဆီ တပတ်အတွင်း အာဏာပြန်အပ်ဖို့ ရာဇသံပေး တောင်းဆိုထားလိုက်ပါတယ်။ တကယ်လို့ ဒီတောင်းဆိုမှုကို အာဏာသိမ်း စစ်တပ်က မျက်ကွယ်ပြုခဲ့မယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်တဲ့ အကျိုးဆက်မျိုးတွေ ကြုံလာရနိုင်တယ်လို့လည်း ဒေသတွင်း နိုင်ငံတွေက ခြိမ်းခြောက်ထားပါတယ်။
အစောပိုင်းမှာတော့ အာဏာသိမ်း နိုက်ဂျား စစ်တပ်က ပြည်တွင်းရေး ကိစ္စကို ဝင်ရောက် နှောင့်ယှက် စွက်ဖက်တဲ့ ဘယ်လို ကိစ္စမျိုးကိုမဆို အပြင်းအထန် ခုခံ တွန်းလှန်သွားမယ်လို့ ကြွေးကြော်ထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က နိုက်ဂျား သမ္မတရဲ့ ကိုယ်ရံတော် တပ်ဖွဲ့ဝင်တွေဟာ သမ္မတ ဘာဇိုအွမ်ကို ဖမ်းဆီးပြီး အာဏာသိမ်းလိုက်တာ ဖြစ်ပါတယ်။ အနောက် အာဖရိက နိုင်ငံများ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Ecowas)ရဲ့ နိုင်ငံခေါင်းဆောင်တွေကတော့ နိုက်ဂျားက စစ်အာဏာသိမ်းမှုဟာ သည်းမခံနိုင်စရာ အဆင့်တခုဆီ ရောက်သွားပြီလို့ ယုံကြည်လာကြပါတယ်။ အကြောင်းကတော့ မကြာသေးခင် နှစ်ပိုင်းတွေအတွင်း တခြား အနောက်အာဖရိက ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆိုတို့မှာလည်း စစ်တပ်က အာဏာသိမ်းခဲ့ပြီး ဖြစ်တာကြောင့်ပါ။ စစ်အာဏာသိမ်းမှုဟာ ဒေသတွင်းမှာ ကပ်ရောဂါ တခုအသွင် ပျံ့နှံ့ ကူးစက်လာမှာကို Ecowas ခေါင်းဆောင်တွေက အလေးအနက် စိတ်ပူနေရပြီ ဖြစ်ပါတယ်။
နိုက်ဂျားမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ လျော်ညီတဲ့ အစိုးရမျိုး ပြန်လည် အုပ်ချုပ်နိုင်စေရေးအတွက် လိုအပ်သမျှ တုံ့ပြန် ဆောင်ရွက်မှုတိုင်းကို စဉ်းစားထားကြောင်း Ecowasက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထုတ်ပြန်ပါတယ်။ တကယ်လို့ သူတို့ရဲ့ တောင်းဆိုမှုတွေကို တပတ်အတွင်း အကောင်အထည်ဖော် ဖြည့်ဆည်းပေးမှု မရှိဘူးဆိုရင် ခက်ထန်ကြမ်းတမ်းတဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရစေမယ်လို့လည်း Ecowas ခေါင်းဆောင်တွေက နိုက်ဂျား စစ်တပ်ကို သတိပေးထားပါတယ်။
ဒေသတွင်း နိုင်ငံတခုရဲ့ ပြည်တွင်းရေး ပြဿနာကို အကြောင်းပြုပြီး Ecowasက စစ်ရေးအရ တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လာတာဟာ ၂၀၁၇ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဂမ်ဘီယာရဲ့ သက်တော်ရှည် နိုင်ငံခေါင်းဆောင် ယာဟာယာ ဂျမ်မားက ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို လက်မခံဘဲ နေရာ ဖယ်မပေးတာကြောင့် Ecowasရဲ့ အစီအစဉ်နဲ့ ဆီနီဂေါ တပ်တွေက ဂမ်ဘီယာကို ဝင်ရောက်ပြီး ဂျမ်မားကို ဖယ်ရှားခဲ့ဖူးပါတယ်။
အခုကိစ္စမှာတော့ ချတ်ဒ်နိုင်ငံရဲ့ သမ္မတ မာဟာမာ အိုင်ဒရစ် ဒီဘီ အစ်တ်နို ကိုယ်တိုင် နိုင်ယာမီ မြို့တော်ဆီ သွားရောက်ပြီး အာဏာသိမ်း နိုက်ဂျား စစ်ခေါင်းဆောင်တွေ အာဏာပြန်စွန့်ဖို့ အတိအလင်း သတိပေးခဲ့ကြောင်း သိရပါတယ်။ သူဟာ နိုက်ဂျားမှာ စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး ပထမဆုံး သွားရောက်တဲ့ ပြည်ပနိုင်ငံ ခေါင်းဆောင်ပါ။ ဒါပေမဲ့ အစ်တ်နိုဟာ အာဏာသိမ်းမှုကို အဓိက ဦးဆောင်ခဲ့တဲ့ သမ္မတ ကိုယ်ရံတော်တပ် ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒူရာမာနေ တီချီယာနီနဲ့ တွေ့ဆုံခဲ့သလား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။
Ecowasဟာ နိုက်ဂျားက စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ လုပ်သင့်လုပ်ထိုက်တာတွေကို ခပ်မြန်မြန် တုံ့ပြန် လုပ်ဆောင်နေတယ်လို့ ယုံကြည်ရပြီး နိုက်ဂျားဆီ အရပ်ဖက် လေကြောင်း ပျံသန်းမှုတွေ အားလုံး ရပ်ဆိုင်းထားစေသလို နယ်စပ်တွေကိုလည်း ပိတ်ထားလိုက်ပါတယ်။ ပြီးတော့ နိုက်ဂျား စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချက်ချင်း သတ်မှတ်ခဲ့ပါတယ်။
အာဏာသိမ်းခံခဲ့ရတဲ့ သမ္မတ ဘာဇိုအွမ်ဟာ အနောက် မဟာမိတ် နိုင်ငံတွေနဲ့ရော၊ Ecowas အဖွဲ့ဝင် အစိုးရ အများစုနဲ့ပါ ရင်းနှီး ကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး တည်ထောင်ထားနိုင်သလို ဒေသတွင်းက အကြမ်းဖက်မှု နှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးတွေထဲမှာ ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။
Ref: BBC