ဇူလိုင် ၊ ၂၉
လက်နက်ကိုင် ပုန်ကန်ခဲ့ဖူးတဲ့ ရုရှား ကြေးစားတပ် ခေါင်းဆောင်ဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကြီးမှူးတဲ့ အစည်းအဝေး တခုကို တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၇ ရက်က စိန့်ပီတာစဘက်ဂ်မြို့မှာ ကျင်းပတဲ့ ရုရှား-အာဖရိက ထိပ်သီး ညီလာခံ တခုကို Wagner ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင် တက်ရောက်ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ နောက်ပြီး ပရီဂိုဇင်က ဗဟို အာဖရိက နိုင်ငံ သမ္မတ ဖော်စတင် အာချန်ဂီ တူရီရာရဲ့ ထိပ်တန်း အကြံပေး ပုဂ္ဂိုလ်တဦးနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံကိုလည်း Wagner တပ်ဖွဲ့ဝင် တဦးက Facebookပေါ် တင်ခဲ့ပါသေးတယ်။
Wagnerတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ လတုန်းက အချိန် ၁ ရက်သာ ကြာခဲ့ပေမယ့်လည်း ရုရှားအစိုးရ အတွက် ဂုဏ်သိက္ခာအရ အကြီးအကျယ် ထိုးနှက်ခံရစေတဲ့ ပုန်ကန်မှု တခုကို အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါပေမဲ့ ပရီဂိုဇင်ကတော့ မော်စကိုထိ သူ့စစ်တပ်တွေ ချီတက်ဖို့ ရည်ရွယ်ခဲ့တဲ့ အဲဒီ ပုန်ကန်မှုဟာ ပူတင်ကို ဖြုတ်ချဖို့ လုံးဝမဟုတ်ဘဲ အရည်အချင်း နုံချာညံ့ဖျင်းတဲ့ ရုရှား စစ်ဦးစီးတွေကို ဖယ်ရှားဖို့သာ ဖြစ်တယ်လို့ အစဉ်တစိုက် ပြောဆိုထားပါတယ်။
ပုန်ကန်မှု အပြီးမှာ ရုရှားက Wagnerတွေဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက် အများစုကို ဖြုတ်ယူ သိမ်းဆည်းခဲ့ပြီး ပရီဂိုဇင်ကလည်း အိမ်နီးချင်း ဘီလားရုစ် နိုင်ငံမှာ သွားရောက် ခိုလှုံ နေထိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကရင်မလင် နန်းတော်နဲ့ Wagnerကြားက ဆက်ဆံရေးဟာ နားလည်ရခက်တဲ့ အခြေအနေမျိုး ဖြစ်နေခဲ့ပါတယ်။ ပူတင်ဟာ ပုန်ကန်မှု အပြီးမှာ ပရီဂိုဇင်နဲ့ သီးခြား တွေ့ဆုံခဲ့သလို ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ Wagnerတွေရဲ့ တိုက်ခိုက်ရေး အတွေ့အကြုံကို ဆက်လက် လိုအပ်နေဆဲ ဖြစ်လိမ့်မယ်လို့လည်း စစ်ရေး သုတေသီတွေက သုံးသပ်ကြပါတယ်။
ပရီဂိုဇင်ဟာ မအောင်မြင်တဲ့ ပုန်ကန်မှုနောက်ပိုင်း ရုရှားကို ပြန်သွားခဲ့တဲ့ အခိုက်အတန့်တချို့ ရှိပေမယ့် အခုလိုမျိုး လူမြင်ကွင်းမှာ ပြန်ထွက်ပေါ်လာတာမျိုးကတော့ စိန့်ပီတာစဘက်ဂ်မှာ ပထမဆုံးအကြိမ် မြင်ရတာ ဖြစ်ပါတယ်။
ရုရှား-အာဖရိက ညီလာခံ တခုမှာ ပရီဂိုဇင် ဖိတ်ကြားခံရတယ် ဆိုတာက သူ့ရဲ့ Wagnerတပ်ဟာ အာဖရိကတိုက်က စစ်ရေးကဏ္ဍမှာ ကြီးကြီးမားမား ဆက်လက် လွှမ်းမိုးထားတာကြောင့်လို့လည်း ယူဆရပါတယ်။ ရုရှားနဲ့ ရင်းနှီးတဲ့ အာဖရိကနိုင်ငံ အများအပြားဟာ Wagnerတွေကို အရင်ကတည်းက ငှားရမ်း အသုံးပြုနေခဲ့ပြီး ဖြစ်ပါတယ်။