လေ့ကျင့်ပျံသန်းရင်း ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ပေါ်က အဖွဲ့သားတွေကို ဩစတြေးလျ ကမ်းလွန်မှာ ရှာဖွေ​နေ

ဇူလိုင် ၊ ၂၉

ဩစတြေးလျ နိုင်ငံ ကမ်းလွန်မှာ စစ်ရဟတ်ယာဉ်တစီး ပျက်ကျသွားပြီး ပျောက်ဆုံးနေသူ ၄ ဦးကို ဖြန့်ကျက် ရှာဖွေနေကြောင်း သိရပါတယ်။ 

ဩစတြေးလျနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး ညပိုင်း ပျံသန်းလေ့ကျင့်မှု အစီအစဉ် တခု ပြုလုပ်နေချိန် အတောအတွင်း ဇူလိုင် ၂၈ ရက် ညပိုင်းက လင်ဒီမန်းကျွန်း ကမ်းလွန်မှာ ရဟတ်ယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

 ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ် မားလက်စ်က ရဟတ်ယာဉ် ဒုက္ခတွေ့နေပြီဆိုတာ သိတာနဲ့ ကယ်ဆယ်ရေး မစ်ရှင်တွေ ချက်ချင်း စတင်ဖို့ အမိန့်ပေးထားကြောင်း ပြောပါတယ်။ လက်ရှိ အချိန်ထိတော့ ရဟတ်ယာဉ်ပေါ် ပါသွားသူ ၃ ယောက်ကို ရှာမတွေ့သေးသလို သူတို့ရဲ့ ကံကြမ္မာကိုလည်း မသိရသေးဘူးလို့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ ဝန်ကြီးက သတင်းထောက်တွေဆီ အသိပေးခဲ့ပါတယ်။

 MRH-90 Tainpan အမျိုးအစား ရဟတ်ယာဉ်ဟာ ကျွန်းနားမှာ ပျက်ကျသွားခဲ့တယ် ဆိုတာကိုတော့ ဝန်ကြီးက အတည်ပြုခဲ့ပါတယ်။ ရဟတ်ယာဉ် အဖွဲ့သားတွေအတွက် သူတို့ရဲ့ မိသားစုတွေနဲ့ထပ်တူ စိတ်ပူနေတယ်လို့လည်း မားလက်စ်က ဆိုပါတယ်။

 လက်ရှိ ဩစတြေးလျမှာ ပြုလုပ်နေတဲ့ Talisman Sabre နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုဟာ ဩစတြေးလျနဲ့ အမေရိကန်တို့ကြား ပမာဏ အကြီးမားဆုံး စစ်ရေးပူးပေါင်း လှုပ်ရှားမှုကြီး တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အဲဒီ နှစ်နိုင်ငံတည်းတင် မကဘဲ ဂျပန်၊ ဂျာမနီနဲ့ တောင်ကိုရီးယားတို့လို မဟာမိတ် နိုင်ငံတွေရဲ့ စစ်တပ်တွေလည်း အခုစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ချိတ်ဆက်ထားပါတယ်။

 ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်း စစ်ချီမှုတွေအပြင် ကမ်းတက် စစ်ဆင်ရေးတွေပါ ပါဝင်တဲ့ အဲဒီ စစ်ရေးလေ့ကျင့်မှုတွေကို ဩဂုတ် ၄ ရက်ထိ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။