ဘုတလင်မြို့နယ်က ဗကသရုံးခန်း စီးနင်းခံရပြီး မြို့နယ်ဗကသ ဥက္ကဌအပါအဝင် ကျောင်းသားသုံးဦး သတ်ဖြတ် ခံရ

ဇူလိုင်၊ ၂၈
 
စစ်ကိုင်းတိုင်း ဘုတင်လင်မြို့နယ်က ဗကသရုံးခန်းကို ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ် က ၀င်ရောက်စီးနင်းခဲ့ပြီး ကျောင်းသားသုံးဦးကို သတ်ဖြတ်သွားတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
 
ဘုတလင်မြို့နယ် ကျောင်းသားသမဂ္ဂရုံးခန်းမှာ ညအိပ်တဲ့ မြို့နယ် ဗကသ ဥက္ကဌ၊ ဒုတိယဥက္ကဌနဲ့ အတွင်းရေးမှူး အပါအ၀င် ဗကသအဖွဲ့ဝင်သုံးဦးဟာ စစ်ကောင်စီတပ်တွေက ရုံးခန်းကို စီးနင်းချိန်မှာ သတ်ဖြတ်ခံလိုက်ရတာလို့ ဒေသခံ ဗကသအဖွဲ့ဝင်တဦးကလည်း DNA ကိုပြောပါတယ်။
 
“ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ရဲဘော်တွေ ဖော်ဆောင်ခဲ့တဲ့ သပိတ်တွေကတော့ အဲဒီဘက်မှာ အားကောင်းတယ်ပေါ့နော်၊ အဲ့ဒါကြောင့်မို့ ဒလန်က စစ်တပ်သတင်းပေးပြီး ဒီနေရာကို ပြတာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ ဒီဘက်မှာ ဒလန်တွေက ရွာထဲစိမ့်၀င်နေတာ ရှိတယ်၊ တခြားရွာတွေမှာလည်း အုတ်ရောရောနေပြီး အခွင့်သာမှ သတင်းပေးတာမျိုး ” လို့ သူကဆိုပါတယ်။
 
မနေ့ညပိုင်းက ဘုတလင်မြို့နယ် ရဲဘော်ကြီး ရွာနားရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီကနေ့ မနက် အစောပိုင်းမှာ မြို့နယ် ဗကသ ရုံးကို နေရာအတိအကျသိထားတဲ့ အခြေအနေနဲ့ စစ်ကြောင်း လေးကြောင်းခွဲပြီး အသံတိတ် ရုတ်တရတ် စီးနင်း၀င်ရောက်ခဲ့တာလို့ ဒေသခံတွေက ဆိုကြပါတယ်။
 
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း မြို့နယ် ဗကသ ရုံးခန်းကို ၀င်ရောက်စီးနင်းပြီး သုံးဦးကို အသေဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြနေပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် အဲဒီအနီးနားက ကျေးရွာကဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ အခုလ ၇ ရက်အထိ စစ်အုပ်စုကြောင့် နိုင်ငံတဝန်းက ကျောင်းသား၊ ကျောင်းသူ ၁၂၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် ကျောင်းသား၊ ကျောင်းသူ ၁၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲ့ဒီအထဲက ၇၀၀ ကျော်ဟာ လက်ရှိအချိန်အထိ ထိန်းသိမ်းခံထားရကာ သေဒဏ်ချမှတ်ခံထားရသူ ခုနစ်ဦး၊ ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၄၀) နီးပါးရှိတယ်လို့ AAPP က အခုလဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – ဘုတလင်မြို့နယ် ကျောင်းသားများ သမဂ္ဂ