ဇူလိုင် ၊ ၂၇
လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း ၁ ထံ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကဇူလိုင်လ ၂၆ ရက်မှာ ဂုဏ်ပြုငွေ လေးဆယ့်လေးသိန်းကျပ် ချီးမြှင့်ခဲ့ပါတယ်။
“စစ်ကောင်စီရဲ့ လုပ်ရပ် မမှန်ဘူးဆိုတာ သူသိတယ်၊ ရုန်းထွက်ဖို့ ကြိုးစားနေတာကြာပြီတဲ့၊ အခုကျ လွတ်အောင် ပြေးနိုင်လာတာလို့ ပြောတယ်၊ တောထဲမှာ လည်နေတာကို နှစ်ပတ်လောက်ရှိတယ်၊ နောက်မှ ကျွန်တော်တို့နဲ့ ချိတ်မိတာ” လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
တပ်ကြပ်ကြီးအဆင့်ရှိ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ပြီးခဲ့တဲ့ နှစ်လခန့်ကတည်းက MA 3 သေနတ်တလက်၊ ကျည်အိမ်နှစ်ခု၊ ကျည်ဆန်သုံးရာကျော်နဲ့ အတူ အမျိုးသားညီညွတ်ရေးအစိုးရNUG လက်အောက်ခံ၊ မြိတ်ခရိုင်တပ်ရင်း ၁ မှာခိုလှုံလာတာပါ။
မြိတ်မြို့နယ်အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၁၀၃ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အဲဒီတပ်ဖွဲ့ဝင်ဟာ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေမှာ ရှိနေပြီး စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ဖို့ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။
“လောလောဆယ်တော့ ကျနော်တို့ဆီမှာပဲ၊ သူက ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး စစ်တပ်ကို ပြန်တိုက်တဲ့အခါ ပါဝင်ဖို့ တောင်းဆိုထားတယ်။ ကျနော်တို့ကတော့ အခြေအနေစောင့်ကြည့်နေတုန်းပဲ” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိမှာတော့ အဲဒီတပ်ဖွဲ့ဝင်အပါအဝင် မြိတ်ခရိုင်တပ်ရင်း ၁ မှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ကို စွန့်ခွာလာသူ စစ်သား နှစ်ယောက်ရှိနေတယ်လို့လည်း သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အခုလို ပြည်သူနဲ့ ပူးပေါင်းလာတဲ့သူတွေကို လက်ကမ်းကြိုဆိုနေမှာဖြစ်ပြီး ပူးပေါင်းချင်တဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံရေးအဖွဲ့ တယ်လီဂရမ်ချန်နယ်ဖြစ်တဲ့ @MyanmarPeope ကိုလည်း ဆယ်သွယ်ချိတ်ဆက်နိုင်တယ်လို့ ဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာတဲ့ ရဲနဲ့ စစ်သား စုစုပေါင်း တသောင်းခြောက်ထောင်ဝန်းကျင် ရှိပြီဖြစ်တယ်လို့လည်း NUG အစိုးရက အခုနှစ် ဧပြီလမှာ ထုတ်ပြန်ထားပါတယ်။