လူမျိုးစုတစ်စုအပေါ် မတရားကျူးလွန်မှုဟာ အခြားလူမျိုးအပေါ်ကိုလည်း ကျူးလွန်ရာ ရောက်တယ်လို့ ရိုဟင်ဂျာအရေးနဲ့ ပတ်သတ်ပြီး NUG ဒုဝန်ကြီးပြော

၂၅၊ ဩဂုတ်လ၊ ၂၀၂၁။

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်ခံရခြင်း ပြန်လည်အမှတ်ရခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်နေ့နဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ် ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်က ဩဂုတ်လ ၂၄ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ခဲ့ ပါတယ်။

ဩဂုတ် ၂၅ရက်နေ့မှာ ကျရောက်တဲ့ နှစ်ပတ်လည်နေ့နဲ့ ပတ်သက်ပြီး ဒုဝန်ကြီးရဲ့ ပြောဆိုချက်မှာ
သွေးစည်းညီညွတ်မှုဆိုတာ လူမျိုးစုတစ်စုအပေါ် မတရားကျူးလွန်မှုဟာ အခြားလူမျိုးအပေါ် မတရား ကျူးလွန်ရာရောက်တယ်လို့ ခံယူပြီး အတိတ်ကို တာဝန်ယူရင်း အနာဂတ်သို့လည်း မျှော်ကြည့်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်ဟာ အရင်ခေတ်အဆက်ဆက် အခြားလူနည်းစု အမျိုးသမီးများအပေါ် ကျူးလွန်ခဲ့တဲ့ နည်းတူ ရိုဟင်ဂျာ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေအပေါ်မှာလည်း အဓမ္မပြုကျင့်မှုတွေ အုပ်စုဖွဲ့ မုဒိန်းကျင့်မှုတွေ လိင်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုတွေ ပြုလုပ်ခဲ့တာကို Human Rghts Watch က ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ ဖော်ပြထားတယ်လို့ ဒုဝန်ကြီးက ပြောပါတယ်။

 

စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်တွန်းလှန်တယ်ဆိုရာမှာ သူတို့ရဲ့ စနစ်တကျ သွတ်သွင်းခဲ့တဲ့ သွေးခွဲအုပ်ချုပ်ရေး ဝါဒဖြန့်မှု အမျိုးမျိုးကိုလည်း အမြစ်ဖြတ်တော်လှန်ရမှာဖြစ်တယ် ။
ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်တဲ့ ဖြစ်စဉ်ဟာ မူဆလင် လူမျိုးရေးမုန်းတီးမှု အပေါ် အခြေခံခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Human Rights Watch ရဲ့ ဖော်ပြချက်အရ ၂၀၁၇ မှ စတင်ပြီး စစ်တပ်က ရိုဟင်ဂျာလူမျိုးတွေကို သတ်ဖြတ်တာ ၊ မုဒိန်းမှု ကျူးလွန်တာ ၊ မတရား ဖမ်းဆီးတာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေကြောင့် ရိုဟင်ဂျာလူမျိုး ၆သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ ရိုဟင်ဂျာ ၈၆၀,၀၀၀ ဟာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်တဲ့ ကော့ဘဇားမှာ နေထိုင်နေရဆဲဖြစ်တယ်လို့ ဆိုပါတယ်

ပြည်တွင်းမှာ ကျန်နေတဲ့ ရိုဟင်ဂျာ ၁၂၀၀၀၀ ကျော်ဟာလည်း ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ပညာရေး ကျန်းမာရေး အစရှိတဲ့ အခြေခံလိုအပ်ချက်တွေ ချွတ်ခြုံကျစွာနဲ့ နေထိုင်နေရဆဲဖြစ်တယ်လို့ ဒုဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။