လူမြင်ကွင်းကနေ တလကြာ ပျောက်ကွယ်နေတဲ့နောက် တရုတ် နိုင်ငံခြားရေးဝန်ကြီး ထုတ်ပယ်ခံရ

ဇူလိုင်၊ ၂၅

အကြောင်းရင်း တိတိကျကျ မသိရဘဲ လူမြင်ကွင်းကနေ တလကြာ ပျောက်ဆုံးနေခဲ့တဲ့နောက် တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ဟာ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

 အာဏာရ ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်း အရာရှိတွေက ချင်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ်က ထုတ်ပယ်ပြီး ဝမ်ယိနဲ့ အစားထိုးဖို့ မဲပေး ဆုံးဖြတ်ခဲ့တယ်လို့ တရုတ် အစိုးရ မီဒီယာတွေက ဇူလိုင် ၂၅ ရက်မှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။ ချင်ဟာ ဇွန်လ ၂၅ ရက်နောက်ပိုင်းမှာ လူမြင်ကွင်းကနေ လုံးဝ ပျောက်ကွယ်နေခဲ့တဲ့နောက် သူ့ရဲ့ အလားအလာနဲ့ ကံကြမ္မာအပေါ် ထင်ကြေး အမျိုးမျိုး ထွက်ပေါ်ခဲ့ပါတယ်။

 အခုအခါမှာတော့ ဝမ်ဟာ ၂၀၁၈ ကနေ ၂၀၂၂ ခုနှစ်ထိ တာဝန်ယူခဲ့ဖူးတဲ့ နိုင်ငံခြားရေး ဝန်ကြီး ရာထူးကို ပြန်လည် ရယူခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၇ လမှာ တရုတ် အစိုးရက ချင်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့နောက် ဝမ်ဟာ ချင်ကို နိုင်ငံခြားရေး မူ​ဝါဒတွေ ချမှတ်ပေးတဲ့ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင် ညွှန်ကြားရေးမှူး အနေနဲ့ ရှိနေခဲ့ပါတယ်။

 ချင်ကို ထုတ်ပယ်ပြီး ဝမ်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ပြန်လည် ခန့်အပ်တာကို တရုတ် သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် အမိန့်ပေးခဲ့ပြီး တံဆိပ်တုံးထုရုံ သက်သက်လောက်သာ အသုံးဝင်တဲ့ လွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ 

ချင်ဘာကြောင့် ထုတ်ပယ်ခံခဲ့ရသလဲ ဆိုတာကို အခုထိ တိတိကျကျ မသိရသေးပါဘူး။ ပြီးတော့ ရာထူး ထုတ်ပယ်ခံရပြီး နောက်ဆက်တွဲ ဘယ်လို အခြေအနေတွေ ထပ်ကြုံမလဲ ဆိုတာကလည်း ပဟေဠိ ဆန်နေဆဲပါ။

 အသက် ၅၇ နှစ်အရွယ် ချင်ဟာ တရုတ် ကွန်မြူနစ် ပါတီရဲ့ သံတမန်ရေးရာ ဝါအရင့်ဆုံး၊ အကျွမ်းကျင်ဆုံး အရာရှိတစ်ဦး ဖြစ်ခဲ့ပြီး သမ္မတရှီကိုယ်တိုင် ယုံကြည် အားကိုးသူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ အမေရိကန် နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့နောက် ဒီဇင်ဘာလကမှ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ တာဝန်အပ်နှင်း ခံခဲ့ရပါတယ်။

 သူဟာ မေလဆန်းတုန်းက မြန်မာနိုင်ငံကို ရောက်ရှိလာပြီး နေပြည်တော်မှာ အာဏာသိမ်း စစ်တပ် အကြီးအကဲ မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ နောက်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေး ပြန်လည် ထူထောင်ဖို့ အားထုတ်မှုတွေမှာ အရေးပါတဲ့ အရာရှိ တစ်ဦးအနေနဲ့လည်း သတ်မှတ် ခံထားရပါတယ်။ ဇွန်လ ၁၈ ရက်က ဘေဂျင်းကို ရောက်ရှိခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့လည်း ချင်က တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပါတယ်။

 ကွန်မြူနစ် ပါတီဟာ ချင်ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ်က ထုတ်ပယ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘာအကြောင်းပြချက်မှ မပေးသေးပါဘူး။ ဇူလိုင် ၂၅ ရက်မှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ချင်ရဲ့ နာမည်ကို ဖယ်ရှားလိုက်ပြီး မရှေးမနှောင်းမှာပဲ သူ့ကို ထုတ်ပယ်တဲ့သတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။