ဆန်၊ ဆီနဲ့ အခြားအခြေခံစားသောက်ကုန်ပစ္စည်း စျေးနှုန်းတွေတတ်လာ

ဇူလိုင်၊ ၂၅

အာဏာသိမ်းစစ်ကောင်စီက နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်ဝေမယ်ဆိုတဲ့ သတင်းနောက်ဆက်တွဲဂယက်အဖြစ် ဆန်၊ ဆီနဲ့ အခြားအခြေခံစားသောက်ကုန်ပစ္စည်း စျေးနှုန်း တွေမြင့် တက်လာနေပါတယ်။

“ ဆန်ဈေးကတော့တတ်တယ် ။တအိတ်ကို အနည်းဆုံး ငါးထောင်ကျော်လောက် အဲ့ထက်လည်းတတ်တယ် ။နှစ်သောင်းတန်ထွက်မယ့် ကိစ္စနဲ့ဆိုင်လားတော့သေချာမပြောတတ်ဘူး။ ဒါပေမယ့် အဲ့သတင်းထွက်ပြီးပဲတတ်တော့ဆိုတော့လေ။ ဒီထက်ပိုတတ်နိုင်လာနိုင်တဲ့အခြေနေလည်း ရှိတယ်“ လို့ ရန်ကုန်မြို့ ဆန်န်ကုန်သည်တဦးကပြောပါတယ်။

စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်က နှစ်သောင်းကျပ်တန်ငွေစက္ကူကို လာမယ့်သြဂုတ်လ ၁ ရက်မှာထုတ်ဝေမှာဖြစ်ပြီး ငွေကြေးဖောင်းပွမှုမရှိအောင် စီမံထားတယ်လို့ ပြောကြားပေမယ့် စျေးနှုန်းတွေက မြင့်တက်လာနေတာပါ။

နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေမယ်မကြေညာခင် တရက်ဖြစ်တဲ့ ဇူလိုင်လ ၂၂ ရက် ဆန်ဈေးနှုန်းမှာ  ၂၄ ပြည်ဝင်ပေါ်ဆန်းတအိတ်ကို ၁၂၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး  ၂၃ ရက်မှစတင်ကာ ၁၂၃,၀၀၀ ကျပ်၊ ၁၂၅,၀၀၀ ကျပ်နဲ့ ၁၂၈,၅၀၀ ကျဝပ်အထိ မြင့်တတ်ခဲ့တယ် လို့ ရန်ကုန်ဆန်စျေးကွက်က သိရပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၁ ရက်က ရွှေဘိုပေါ်ဆန်းတအိတ်အမြင့်ဆုံး၁၁၂, ဝဝဝကျပ်၊ ပေါ်ဆန်း ၈၉,ဝဝဝကျပ်၊ မြောင်းမြပေါ်ဆန်းရှယ် ၉၅,ဝဝဝကျပ်၊ ကြားပျံရှယ် ၉၅,၀၀၀ ကျပ် ရှိခဲ့ရာကနေ ဒီကနေ့မှာ ရွှေဘိုပေါ်ဆန်း ၁၁၅,ဝဝဝကျပ်၊ ပေါ်ဆန်း ၉၂,ဝဝဝကျပ်၊ မြောင်းမြပေါ်ဆန်းရှယ်၉၇,ဝဝဝကျပ်၊ ကြားပျံရှယ် ၉၇,၀၀၀ ကျပ် တက်လာတယ်လို့ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းက ဖော်ပြထားပါတယ်။

အဲဒီလိုစျေးနှုန်းတွေတက်လာတဲ့အတွက် ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ တချို့ဆန်ပွဲရုံကြီးတွေဟာ ဆန်အရောင်းအဝယ်ကို ခေတ္တရပ်ဆိုင်းထားပြီး အခြေအနေကိုစောင့်ကြည့်နေတာတွေလည်းရှိတယ်လို့ ဆန်လုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။

“ ဆန်က ခုလောလောဆယ်ဈေးတတ်နေပေမယ့် အဝယ်များတယ် ။ဒါပေမယ့်ကျွန်တော်တို့က တအိတ်စနှစ်အိတ်စပဲရောင်းပေးတယ် ။အများဆုံး ငါးအိတ်ပဲရောင်းပေးတာ “ လို့ မန္တလေးမြို့က ဆန်ကုန်သည်တဦးက ဆိုပါတယ်။

 ဒါ့အပြင်စားသုံးဆီစျေးဟာလည်း  ရှစ်ထောင်ကျပ်ကနေ ကျပ်တသောင်းအထိ မြင့်တက်နေတဲ့အတွက် ဆီဒိုင်တချို့အရောင်းပိတ်ထားပြီး အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ဆား ၊ငရုတ်၊ကြက်သွန်နီ၊ကြက်သွန်ဖြူက စပြီး ခရမ်းချည်သီး၊အားလူး ၊ဟင်းသီးဟင်းရွက် စတာတွေလည်း စျေးတက်နေပါတယ်။

လက်ရှိမှာ ကြက်သွန်နီတပိဿာကို၂,၆၀၀ ကျပ်ကနေ ၃,၁၀၀ ကျပ်အထိပေါက်ဈေးရှိနေသလို ကြက်သွန်ဖြူတပိဿာကို

 ၈,၆၀၀ ကနေတသောင်း အာလူးတပိဿာ သုံးထောင် ဝန်းကျင်ထိ ပေါက်ဈေးရှိနေပါတယ်။

လက်ရှိမှာ  ရွှေဈေးနဲက ဒေါ်လာဈေးတွေ မြင့်တတ်ခဲ့တာကြောင့် ဆန်ဈေးနှုန်းနဲ့အခြေခံစားသောက်ကုန်တွေလည်းဈေးမြင့်တတ်နေပြီး  အခက်အခဲတွေကြုံနေရတယ် ရန်ကုန်ရှိအိမ်ရှင်မတွေကပြောပါတယ်။

“ ကုန်ဈေးနှုန်းနဲ့ပတ်သက်ပြီပြောကို မပြောတော့ပါဘူး။  ရတဲ့ပိုက်ဆံက ပိုမရလာဘူး။ တနေ့ ငါးထောင်ပုံမှန်ရပေမယ့် ကုန်ဈေးနှုန်းက ပုံမမှန်ဘူး။ ဒီနေ့ ဆန်တပြည် သုံးထောင်မျက်စိခဏမှိတ်လိုက် သုံးထောင်ကျော်သွားပြီ။ ဆန်ပဲလားဆိုတော့ မဟုတ်ဘူးကျန်တာတွေကောပဲ ထမင်းငတ်ပြီးသေဖို့ပဲရှိတယ် “ လို့ ဒေါပုံမြို့နယ်က အိမ်ရှင်မတဦးကပြောပါတယ်။