ဇူလိုင်၊ ၂၅
ဆော်ဒီအာရေးဘီးယား ဘောလုံးကလပ် အယ်လ်ဟီလယ်ဟာ ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာတော့မယ့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘက်ပီအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀၀ နဲ့ ကမ်းလှမ်းထားလိုက်ကြောင်း သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် ပြင်သစ် လက်ရွေးစင်ဟာ လက်ရှိ မျိုးဆက်ရဲ့ အကောင်းဆုံး ဘောလုံးသမား တဦးအဖြစ် သတ်မှတ် ခံထားရသူပါ။ သူဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့တဲ့ အချိန်မှာ သက်တမ်းတိုး စာချုပ် ညှိနှိုင်းဖို့ကို ယတိပြတ် ငြင်းဆိုထားပါတယ်။ ဒါကြောင့်လည်း ပီအက်စ်ဂျီက အမ်ဘက်ပီကို လာမယ့်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွှတ်ရခင် လက်ရှိ အပြောင်းအရွှေ့ စျေးကွက်မှာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပါတယ်။
လတ်တလောမှာ ဥရောပ အခြေစိုက် ထိပ်တန်း ဘောလုံးသမားတွေကို ဆက်တိုက် ခေါ်ယူနေတဲ့ ဆော်ဒီ ပရိုလိဂ် ဘောလုံးကလပ်တွေထဲမှာ အယ်လ်ဟီလယ်က ရှေ့ထွက်လာပြီး အမ်ဘက်ပီအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကတော့ ဘရာဇီးသား နေမာကို ဘာစီလိုနာဆီကနေ ပီအက်စ်ဂျီ ခေါ်ယူချိန် ၂၀၁၇ မှာ ပေးချေခဲ့ရတဲ့ ယူရို ၂၂၂ သန်း ဖြစ်ပါတယ်။
ပြင်သစ် လီဂူးဝမ်း ချန်ပီယံ ကလပ်အသင်းနဲ့ အမ်ဘက်ပီတို့ကြားက ဆက်ဆံရေး အက်ကြောင်းဟာ စေ့စပ်လို့ မရလောက်အောင် နက်နက်ရှိုင်းရှိုင်း ဖြစ်နေပြီး အသင်းက ဂျပန်ကို သွားရောက်တဲ့ ရာသီကြို ခရီးစဉ်မှာ ကစားသမားကို ချန်လှပ်ထားခဲ့ပါတယ်။
ချဲလ်ဆီး၊ မန်ချက်စတာ ယူနိုက်တက်၊ တော့တင်ဟမ် ဟော့စပါး၊ အင်တာမီလန်၊ ဘာစီလိုနာစတဲ့ ဥရောပ ထိပ်တန်း အသင်းတချို့က အမ်ဘက်ပီကို စိတ်ဝင်စားမှု ပြသနေပေမယ့် တိကျတဲ့ ကမ်းလှမ်းမှုတော့ မရှိသေးပါဘူး။ အမ်ဘက်ပီက သူသာ အသင်းက ထွက်ခွာဖြစ်ရင် စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းမှာ သွားရောက် ကစားချင်တယ်လို့ ဝန်ခံထားဖူးပါတယ်။
အယ်လ်ဟီလယ်ရဲ့ ကမ်းလှမ်းမှုကို ပီအက်စ်ဂျီ အသင်းက လိုလိုလားလား လက်ခံ ကြိုဆိုဖွယ် ရှိပေမယ့်လည်း အမ်ဘက်ပီ ကိုယ်တိုင်ကတော့ ဥရောပ ဘောလုံးလောကထက် အများကြီး အဆင့်အတန်း ပိုနိမ့်တဲ့ အရှေ့အလယ်ပိုင်းမှာ သွားရောက် အခြေစိုက်ဖို့ ဆန္ဒ ရှိမရှိဆိုတာ မသိရသေးပါဘူး။
အခုနွေရာသီမှာ ဆော်ဒီ ဘောလုံးကလပ်တွေဟာ ကာရင်ဘန်ဇီးမား၊ ကာလီဒူ ကူလီဘာလီ၊ အီဒူရက်ဒ် မန်ဒီ၊ ရူဘန်နီဗက်စ်၊ ရောဘတ်တို ဖာမီနို၊ ဂျော်ဒန်ဟန်ဒါဆန်၊ မာဆယ်လို ဘရိုဇိုဗစ် အစရှိတဲ့ ဥရောပ အခြေစိုက် ထိပ်တန်း ကစားသမား တော်တော်များများကို အသီးသီး စာချုပ် ခေါ်ယူထားကြပါတယ်။
Ref: BBC