ကျုံအိတ်တံတား အမြန်ပြင်ဆင်ဖို့ ဖိအားပေးနေလို့ ဆောက်လုပ်ရေးဝန်ထမ်းတွေ စိုးရိမ်

ဇူလိုင်၊ ၂၄
 
မကြာခဏ တိုက်ခိုက်ခံနေရတဲ့ သထုံနဲ့ ဘီးလင်းမြို့နယ်အစပ်ရှိ ကျုံအိတ်တံတား ကို အမြန်ဆုံး ပြန်လည်ပြင်ဆင်ဖို့ စစ်ကောင်စီက ဖိအားပေးနေတဲ့အတွက် တံတားဆောက်လုပ်ရေး ဝန်ထမ်းတချို့က စိုးရိမ်မှုတွေ ရှိနေတယ်လို့ တံတားဆောက်လုပ်ရေးမှာ ပါဝင်တဲ့သူတွေထံကနေ သိရပါတယ်။
 
“ မြန်မြန်ပြီးစီးအောင် သွားလုပ်ဖို့က သူတို့ညွှန်ကြားထားတာ၊ သူတို့ဆိုတာ အစိုးရကလေ၊ ကိုယ်က ကြောက်တာပေါ့ဗျာ၊ လုပ်ငန်းစဖို့ပဲ ပြင်ရသေးတယ်၊ ဒရုန်းက ရောက်လာပြီးပဲ၊ သေမှာ‌တော့ ကြောက်တာပေါ့ဗျာ။ ကိုယ့်အလုပ် ကိုယ်လုပ်ရမှာ မှန်ပေမယ့် ဒီလိုအနေအထားမှာတော့ စိုးရိမ်တာပေါ့ဗျာ ” လို့ ကျုံအိတ်တံတားပြင်ဆင်ရေးမှာ ပါဝင်နေသူတဦးက DNA ကို ပြောပါတယ်။
 
ဒါ့အပြင် ဇူလိုင်လ ၂၃ ရက် ညနေပိုင်းမှာလည်း ကျုံအိတ်တံတား ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချကာ တိုက်ခိုက်ခဲ့တယ်လို့ ဘီးလင်းမြို့နယ်မှ PDF ရဲဘော်တဦးက ပြောပါတယ်။
 
“ ပူးပေါင်းအဖွဲ့ဘက်က သူတို့ တံတားပြင်ဆင်ရေး လုပ်နေတဲ့နေရာမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ဒရုန်းနဲ့တိုက်ခိုက်တာပါ။ အားလုံးပေါင်း ခုနှစ်လုံးလောက်ရှိမယ်၊ ထိခိုက်မှုတော့ ကျွန်တော်တို့လည်း မသိသေးဘူးပေါ့နော်။ စစ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာပါ ” လို့ ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၈ ရက်ညက အဲဒီတံတားကို ပထမဆုံးအကြိမ် မိုင်းခွဲတိုက်ခိုက်ပြီးနောက် ခုနှစ်ကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပါတယ်။
 
သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-မော်လမြိုင် ကားလမ်း ပေါ်မှာ ရှိတဲ့ ကျုံအိတ်ချောင်းကူးတံတားကို ဇွန်လ ၂၈ ရက် ညည့်နက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
 
အဲဒီနောက် ကျုံအိတ်တံတား မိုင်းထောင်ဖောက်ခွဲခံရတာနဲ့ တံတားလာစစ်ဆေးတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာတော့ ခရိုင်လမ်းဦးစီးမှူး အပါအဝင် သုံးဦး သေဆုံးကာ ၂၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
 
ကျုံအိတ်တံတားကဆိုရင် အလျား ၉၅ ပေနဲ့ အကျယ် ၄၁ ပေရှိတဲ့ သံကူကွန်ကရစ် တံတား အမျိုးအစား ဖြစ်ပြီး မိုင်းခွဲတာနဲ့ ဒရုန်းနဲ့ ဗုံးချခံရတာကြောင့် တံတားထက်ခြမ်းနီးပါးက ပြိုကျ ပျက်စီးသွားပါတယ်။
 
တံတားပြိုကျပျက်စီးသွားပြီးတဲ့နောက် အိမ်စီးကားတွေနဲ့ ဝန်ပေါ့တဲ့ ကားတွေကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့ပေမယ့် ကုန်အပြည့် တင်ဆောင်ထားတဲ့ ယာဉ်တချို့ကိုတော့ တံတားထပ်မံကျိုးကျသွားမှာကြောင့် ဖြတ်သန်းသွားလာခွင့် မပြုခဲ့ပါဘူး။
 
ပျက်စီးနေတဲ့ တံတားကို ပြန်လည်ဆင်ပြင်ဖို့အတွက်ဆိုပြီး မော်လမြိုင်-ပဲခူး ဟိုက်အဝေးလမ်းတလျှောက်မှာ ရှိတဲ့ လမ်းတံတားတွေကို ကန်ထရိုက်ယူထားတဲ့ ရွှေသံလွင်ဟိုက်ဝေးကုမ္ပဏီကို စစ်ကောင်စီပြည်နယ်အစိုးရဘက်က အမြန်ဆုံးပြင်ဆင်ဖို့ကို ဖိအားပေးညွှန်ကြားခဲ့တာဖြစ်ပါတယ်။
 
အဲဒီနောက် ကျုံအိတ်တံတားကို ပြန်လည်ပြင်ဆင်ဖို့ကို ရွှေသံလွင်ဟိုက်ဝေး ကုမ္ပဏီက အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် တံတားပြင်ဆင်တဲ့ အချိန်တိုင်းမှာ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် တံတားပြင်ဆင်ရေးမှာ ပါဝင်နေတဲ့ ဝန်ထမ်းတွေက စိုးရိမ်မှု ရှိနေတာ ဖြစ်ပါတယ်။
 
“ စစ်တပ်ဘက်ကတော့ လုံခြုံရေး ယူထားပါတယ်၊ မလွယ်ဘူးဗျ၊ လုပ်ငန်းစတုန်းပဲ ရှိသေး၊ လာချသွားပြန်ပြီးလေ၊ အခုက သူတို့စီစဉ်ထားပါတယ်၊ ဒရုန်းနဲ့ လာပစ်ရင် မထိဖို့ဆိုပြီး၊ Drone Guard တပ်ထားပေးတယ်၊ နောက်ပြီး လုံခြုံရေးယူထားတဲ့ အင်အားကလည်း သိပ်မများဘူးလေ၊ အခန့်မသင့်လို့ ဟိုက ဝင်စီး၊ ဝင်တိုက်ရင် အကုန်သေကုန်မှာဗျ ” လို့ အဲဒီ ဆောက်လုပ်ရေးဝန်ထမ်းက ပြောပါတယ်။
 
လက်ရှိ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ကျုံအိတ်တံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ခုနှစ်ကြိမ် တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးကာ သုံးဆယ်ဦးထက်မနည်း ဒဏ်ရာရရှိထားပါတယ်။
 
တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေကတော့ အဲဒီကျုံအိတ်တံတားက စစ်ကောင်စီတပ်အတွက် အရေးပါတဲ့ ထောက်ပို့လမ်းကြောင်း တခုဖြစ်တဲ့အတွက် တိုက်ခိုက်နေရတာဖြစ်တယ်လို့ DNA ကို ဖြေဆိုထားပါတယ်။
 
လက်ရှိ သထုံခရိုင်အတွင်းမှာဆိုရင် စစ်ကောင်စီဘက်က တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားသွားလာနေတဲ့ လမ်းတံတားတချို့ ဖျက်ဆီးတာတွေ ရှိနေသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း စစ်ကောင်စီအတွက် အရေးပါတဲ့ လမ်းကြောင်းတွေကို ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်ဆောင်နေကြပါတယ်။
 
ဓာတ်ပုံ – Social Media