တိုင်းပြည်စီးပွားတက်နေတယ်လို့ပြောတဲ့ စစ်ကောင်စီ နှစ်သောင်းကျပ်တန်ငွေစက္ကူထုတ်လာပြန်

ဇူလိုင် ၊ ၂၃

ပြည်တွင်းမှာ ကျပ်ငွေနှစ်သောင်းတန်ငွေစက္ကူကို အခုဇူလိုင် ၃၁ ရက်နေ့ကစတင်ပြီးထုတ်ဝေသွားမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ဗဟိုဘဏ်က ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာထုတ်ပြန်ကြေညာသွားပါတယ်။ ဒီကျပ်ငွေနှစ်သောင်းတန်ကို စစ်ကောင်စီတည်ထားတဲ့ မာရဝိဇယရုပ်ပွားတော်တည်ဆောက်ပြီးတဲ့ အထိမ်းအမှတ်နဲ့ စစ်ကောင်စီကဆင်ဖြူတော်လို့သတ်မှတ်ထားတဲ့ ရဌနန္ဒကဆင်ဖြူတော်

မွေးတာ တနှစ်ပြည့်တဲ့ အထိမ်းအမှတ်နဲ့ထုတ်တာလို့ ဆိုထားပါတယ်။ နှစ်သောင်းတန်ထုတ်ဝေရာမှာ ဟောင်းနွမ်းငွေစက္ကူတွေနေရာမှာ လဲလှယ်ဖို့ အရေအတွက်အကန့်အသတ်နဲ့ထုတ်ဝေမှာဖြစ်ပြီးလက်ရှိသုံးစွဲနေတဲ့ ငွေစက္ကူတွေကတော့ တရားဝင်သုံးစွဲငွေအဖြစ်ဆက်ရှိနေမယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်စီးပွားရေးအဖက်ဖက်က အကျပ်အတည်းဆိုက်နေကြောင်း နိုင်ငံတကာက ထောက်ပြချိန်တွေနဲ့ ပြည်တွင်းမှာ အာဏာသိမ်းကာလအတွင်း ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ စီးပွားရေးရာခိုင်နှုန်းတိုးတက်နေကြောင်းဆက်တိုက်ပြောနေပြီး ငွေစက္ကူအသစ်တွေလည်း အခုလိုထပ်မံထုတ်ဝေလာတာဖြစ်ပါတယ်။

အခုလို ငွေစက္ကူအသစ်ထုတ်ဝေတာဟာ ကျပ်ငွေတန်ဖိုးကျဆင်းပြီး ငွေကြေးဖောင်းပွမှုတွေမြင့်တက်လာနိုင်တယ်လို့လည်း ဝေဖန်မှုတွေရှိနေပါတယ်။