တရုတ်နဲ့ ကိုရီးယားကျွန်းဆွယ်ကြား ပင်လယ်ပြင်ဆီ မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

တရုတ်ကမ်းခြေနဲ့ ကိုရီးယား ကျွန်းဆွယ်ကြားက ပင်လယ်ဝါ ရေပြင်ဖက်ကို မြောက်ကိုရီးယားက ခရုစ်ဒုံးကျည် တော်တော်များများ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

 ဇူလိုင် ၂၂ ရက် မနက် အစောပိုင်းတုန်းက မြောက်ကိုရီးယား ဒုံးကျည်တွေ ပင်လယ်ဝါဖက် ဦးတည် ပျံသန်းသွားတာကို ထောက်လှမ်း တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ကြေညာပါတယ်။ ပြိုင်ဘက် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ အမြင့်ဆုံး ဖြစ်နေချိန်မှာ မြောက်ကိုရီးယားက ဒုံးကျည်အမျိုးမျိုး စမ်းသပ် ပစ်ခတ်မှုတွေကို မကြာခဏ လုပ်ဆောင်နေပါတယ်။

 မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့တာနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးတွေက မျက်ခြေမပြတ် စောင့်ကြည့်ခဲ့သလို နောက်ဆက်တွဲ လှုပ်ရှားမှုတွေကိုပါ လေ့လာနေတယ်လို့ ဆိုပါတယ်။

 တောင်ကိုရီးယားနိုင်ငံကို အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတစီး ကမ်းကပ် ရပ်နားတဲ့ ကိစ္စအပြင် အမေရိကန်ရဲ့ ခေတ်မီ ကိုယ်ပျောက် တိုက်လေယာဉ်တွေပါ ပါဝင်ပြီး တောင်ကိုရီးယားနဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်တဲ့ ကိစ္စမျိုးတွေဟာ မြောက်ကိုရီးယား အတွက်တော့ အကြီးအကျယ် ဒေါသထွက်စရာ ဖြစ်နေပြီး လက်နက်အင်အားပြ ခြိမ်းခြောက်မှုတွေနဲ့ တုံ့ပြန်နေတဲ့ သဘောပါပဲ။

 မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကန်ဆွန်နမ်က Ohioအဆင့် အမေရိကန် ရေငုပ်သင်္ဘောတစီး တောင်ကိုရီးယားကို ရောက်ရှိနေတာဟာ အတိအလင်း ရန်စတဲ့ အဓိပ္ပါယ်မျိုးလို့ စွပ်စွဲထားပါတယ်။

 တချိန်တည်းမှာပဲ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း မြောက်ကိုရီးယားသာ နျူကလီးယား လက်နက်တွေကို အမှန်တကယ် အသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယား အစိုးရ လုံးဝ ပျက်သုဉ်းသွားအောင် အပြင်းအထန် လက်တုံ့ပြန် ခံရမယ်လို့ သတိပေးထားပါတယ်။

 လတ်တလောမှာတော့ အမေရိကန် စစ်သည်တဦးဟာ ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယားဖက် ဝင်ရောက်သွားရာက ဖမ်းဆီးခံထားရလို့ သံတမန်ရေးရာ ရှုပ်ထွေးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ကတော့ တပ်သား ထရာဗစ်ရှ်ကင်းနဲ့ ပတ်သက်လို့ သတင်းတွေ တိတိကျကျ စုံစမ်းလို့ မရသေးဘဲ အလေးအနက် စိုးရိမ်နေကြောင်း ကြေညာထားပါတယ်။