ရွှေကျင်မှာ စစ်ကောင်စီနဲ့ KNLA တိုက်ပွဲဖြစ်၊ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ဒုံစရစ်နဲ့ စလူချောင်းကျေးရွာ အနီးကို ဒီကနေ့နေ့လယ်ပိုင်းမှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ များတယ်လို့ အဲဒီပူးပေါင်းတပ်ဖွဲ့မှာ ပါဝင်တဲ့ PDF တပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
 
“ သူတို့ဘက်က စစ်ကြောင်းထိုးလာလို့ပေါ့နော်၊ တိုက်ပွဲစဖြစ်တာကလေ၊ သတင်းကြိုရလို့ စောင့်နေတယ်၊ သေဆုံးမှုကတော့ များတယ်လို့ ပြောလို့ရတယ်၊ တပ်ဘက်က ဆယ်ဂဏန်းလောက် ရှိနိုင်တယ်၊ ဒီဘက်ကတော့ သုံးဦးထိသွားတယ်၊ ဒဏ်ရာရတာပေါ့နော်၊ မစိုးရိမ်ရပါဘူး ” လို့ သူကပြောပါတယ်။
 
အင်အား ရှစ်ဆယ်ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ ဇူလိုင် ၂၁ ရက် နေ့လယ်ပိုင်းမှာ ရွှေကျင်မြို့နယ် ဒုံစရစ်ကျေးရွာ နဲ့ စလူချောင်းကျေးရွာ ဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာပါ။
 
နှစ်ဖက်အပြန်အလှန်ပစ်ခတ်ချိန် သုံးနာရီနီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာလာတာကြောင့် တောင်ငူ လေတပ်စခန်း ကနေ ဂျက်လေယာဉ်တစီးနဲ့ စစ်ကူပစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
 
“ ဒီကောင်တွေဘက်က တော်တော်လေး အထိနာတယ်လို့ ပြောလို့ရတယ်၊ အဲ့ဒါ နှစ်နာရီလောက်မှာ လေယာဉ်နဲ့လာ ပစ်ကူပေးတယ်၊ ဂျက်လေယာဉ်အမျိုးအစားနဲ့ပါ၊ မိနစ် နှစ်ဆယ်နီးပါးလောက်တော့ ပစ်သွားတယ် ” လို့ အဲဒီ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
 
နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေက ဒေသခံတွေဟာ တိုက်ပွဲ မဖြစ်ခင်ကတည်းက ဘေးလွတ်ရာကို ကြိုတင်ထွက်ပြေး တိမ်းရှောင်နေတဲ့အတွက် အရပ်သားထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။
 
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေတဲ့အချိန်နဲ့ တိုက်ပွဲဖြစ်ပြီးသွားတဲ့အချိန်အထိ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့သေးတယ်လို့ အထက်ပါ PDF တပ်ဖွဲ့ဝင်က ပြောပါတယ်။
 
လက်ရှိမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွှေကျင်တပ်နယ်ထဲကို ပြန်ဆုတ် သွားပေမယ့် နှစ်ဖက် စစ်ရေးအခြေအနေက တင်းမာနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
 
ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ဖော်ပြနေတဲ့ KNLA – PDF Kyaukkyi News Facebook စာမျက်နှာမှာတော့ ဒီကနေ့ ရွှေကျင်မြို့နယ်မှာ ဖြစ်ခဲ့တဲ့ နှစ်ဖက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က သုံးဆယ်ဦးထက်မနည်း သေဆုံးကာ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
 
တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
ဓာတ်ပုံ – KNLA