မန္တလေးမှာ ခိုင်မာတဲ့ မြေကွက်တွေ အရောင်းအဝယ်ပိုဖြစ်နေ

ဇူလိုင်၊ ၂၁
 
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ ခိုင်မာမှုရှိတဲ့ မြေကွက်တွေကို ပိုမိုဝယ်ယူလာကြသလို ဝယ်ယူလိုတဲ့ အရေအတွက် ပိုများပြားလာနေတယ်လို့ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်တွေက DNA ကိုပြောပါတယ်။
 
အခုလတ်တလောမှာလည်း မန္တလေးမြို့ရဲ့ အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းတွေမှာရှိတဲ့ ရပ်ကွက်နေရာတွေက မြေနေရာတွေဟာ အရောင်းအဝယ်ပိုမိုဖြစ်နေတယ်လို့လည်း ဆိုကြပါတယ်။
 
“ လောလောဆယ်ကတော့ ရောင်းသူဈေးကွက်ဖြစ်နေတာပေါ့။ ဝယ်လိုအားများနေတာပေါ့။ မြို့ကလည်း အရင်ထက် အခြားမြို့တွေထက်စာရင် တည်ငြိမ်တဲ့အခါကျတော့ အရမ်းလိုက်တယ်ပြောရမယ်။ ပြီးခဲ့တဲ့နှစ်လယ်လောက်ကစပြီး နယ်ကလူတွေလည်း ပြောင်းလာကြတယ်။ အဲလိုတွေ များတဲ့အခါကျတော့ ကျောင်းတွေလည်းဖွင့်၊ ဆေးရုံတွေလည်းရှိ ဘာညာဆိုတော့ မြို့ပေါ်နေချင်တဲ့သူ ပိုများလာတယ်။ အများက ဈေးကွက်ဝယ်လိုအား များတဲ့အခါမှာ ပစ္စည်းနည်းသွားတာပေါ့ ” လို့ ချမ်းမြသာစည်မြို့နယ်က နာမည်မဖော်လိုတဲ့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောပါတယ်။
 
မန္တလေးမြို့ပေါ်ရှိ ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေက ပိုင်ဆိုင်မှု အထောက်အထား ခိုင်မာတဲ့ မြေကွက်တွေမှာ အရောင်းအဝယ်ပိုဖြစ်နေတယ်လို့ မြေအကျိုးဆောင်များက ပြောပါတယ်။
 
လက်ရှိ မန္တလေးမြို့ပေါ်ကို စစ်အုပ်စုနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းနဲ့ ကယားပြည်နယ်ဘက်တွေက ဒေသခံအချို့က အိမ်ခြံမြေဝယ်ယူတာ ရှိသလို လာရောက်ငှားရမ်း နေထိုင်သူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
 
အိမ်ခြံမြေ ဝယ်ယူသူတွေဟာ ခေတ်အဆက်ဆက်အစိုးရက ချမှတ်ပေးခဲ့တဲ့ ပိုင်ဆိုင်မှုခိုင်မာတဲ့ ဂရမ်မြေ၊ စလစ်မြေနဲ့ ဘိုးဘွားပိုင်မြေတွေကို ဈေးမြင့်ပေးပြီး ဝယ်ယူနေကြတာလို့ ဆိုပါတယ်။
 
လတ်တလောမှာ ကျပ်သိန်းတထောင်ကနေ ကျပ်သိန်း ငါးထောင်ဝန်းကျင် တန်ဖိုးရှိတဲ့ မြေကွက်တွေဟာ အရောင်းအဝယ် ပိုသွက်နေပြီး အကျယ်အဝန်းအားဖြင့် ပေ ၄၀×ပေ၆၀၊ ပေ ၂၀×ပေ၆ဝ မြေဧရိယာတွေက လူကြိုက်ပိုများတယ်လို့ အကျိုးဆောင်တွေက ဆိုပါတယ်။
 
စစ်အုပ်စုအာဏသိမ်းပြီးနောက် မန္တလေးမြို့က မြို့နယ်အချို့က မီးရထားသံလမ်းနဲ့ မလွတ်တာ၊ အကွက်ရိုက်ရောင်းထားတဲ့ နေရာတွေမှာ ကျူးကျော်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်ပေါင်း သောင်းချီ ဖျက်ဆီးခဲ့ပါသေးတယ်။
 
ဒါ့အပြင် လယ်ယာမြေတွေကို အကွက်ရိုက်ရောင်းချထားတဲ့ နေရာတွေကို ဝယ်ယူထားသူတွေနဲ့ နေထိုင်သူတွေကို ဖယ်ရှားမယ်ဆိုပြီး စာထုတ်ပြန်တာတွေ ရှိတဲ့အတွက်ကြောင့် ဝယ်ယူသူတွေဟာ ခိုင်မာမှုရှိတဲ့ မြေကို ပိုမိုဝယ်ယူလာကြတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
 
“ ရာခိုင်နှုန်းထဲမှာ ပါတာပေါ့ လူတွေအားလုံးက ခိုင်မာမှုကို ပိုကြိုက်လာကြတယ်။ အရင်ကထက်စာရင်ပေါ့။ အခုက မခိုင်မာရင် အဖျက်ခံရမယ်ပေါ့၊ တချို့က ကြောက်တဲ့အခါကျတော့ ခိုင်မာတဲ့ဟာကိုပဲ မရှိရှိတာကို အဆင်ပြေအောင် ဝယ်ကြရတာပေါ့ ” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုပါတယ်။
 
ငွေကြေးတက်နိုင်သူတွေဟာ ခိုင်မာမှုရှိတဲ့ မြေကွက်တွေကို ဝယ်ယူနိုင်ပေမယ့် တချို့တိုင်းနဲ့ ပြည်နယ်တွေက စစ်ရှောင်လာသူ အချို့ကတော့ ခိုင်မာတဲ့မြေဈေးကို မလိုက်နိုင်တဲ့အတွက် လယ်ယာမြေတွေကို အကွက်ရိုက်ထားတဲ့ မြေကွက်တွေနဲ့ ရွာတိုးချဲ့မြေဆိုပြီး ရောင်းချနေတဲ့ မြေတွေကို အရဲစွန့်ဝယ်ယူနေထိုင်ကြတာလည်း ရှိတယ်လို့ သိရပါတယ်။
 
မန္တလေးမြို့နဲ့ ဧရာဝတီမြစ်သာခြားတဲ့ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့နဲ့ မြောက်ဖက်မှာ ကပ်လျက်ရှိတဲ့ မတ္တရာနယ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွါးနေတာအပြင် နေအိမ်တွေ မီးရှို့ခံရလို့ အဲဒီဒေသက ပြည်သူတွေဟာ မန္တလေးမြို့ပေါ် ရရာနေရာ ဝယ်ယူနေထိုင်သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးအိမ်ခြံမြေဈေးဟာ ကျပ်သိန်း ၁၅ဝ တန် မြေကွက်ဟာ ကျပ်သိန်း ၁၅ဝဝ ကျော်အထိ ဆယ်ဆကျော်စျေး မြင့်တက်ခဲ့တာလို့လည်း အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
 
ဓာတ်ပုံ – DNA