ယင်းမာပင်၊ စုန်းချောင်းရွာမှာ အရပ်သား ဆယ့်တဦးနဲ့ PDF သုံးဦး သတ်ဖြတ်ခံရ

ဇူလိုင်၊ ၂၁
 
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် စုန်းချောင်းရွာကို စစ်အုပ်စုက ဒီကနေ့ မနက်အစောပိုင်းမှာ ရုတ်တရတ်ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ရွာခံအရပ်သား ၁၁ ဦးနဲ့ ကာကွယ်ရေးအဖွဲ့ဝင် သုံးဦးကို သတ်ဖြတ်သွားတယ်လို့ အမည်မဖော်လိုတဲ့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
 
“ အသတ်ခံရတဲ့ လူတွေရဲ့ ရုပ်အလောင်းတွေကို အကုန်ပြန်ရထားပါတယ်၊ စုစုပေါင်း ၁၄ ဦး သတ်ခံရပါတယ်၊ PDF လေးတွေကိုတော့ ညတွင်းချင်း သတ်ခဲ့တာပါ၊ ကျန်တဲ့လူတွေကျ ဖမ်းဆီးခံရရင်း လမ်းမှာပဲ သတ်သွားတယ် “ လို့ သူကပြောပါတယ်။
 
ဒီကနေ့ မနက် နှစ်နာရီ ဝေလီဝေလင်းအချိန်မှာ အင်အား ၁၀၀ နီးပါးလောက်ရှိတဲ့ စစ်အုပ်စုက စုန်းချောင်းရွာကို ရွာတောင်ဖက်၊ အနောက်ဖက်နဲ့ မြောက်ဖက်တို့ကနေ သုံးနေရာခွဲပြီး ဝင်ရောက်ခဲ့တာလို့ ဆိုပါတယ်။
 
“ သတင်းအတိအကျနဲ့ တိတ်တဆိတ် သုံးနေရာ ဝင်စီးတာဗျ၊ ကြည့်ရတာတော့ ဒလန်လည်း များမယ်ထင်တယ် သုံးနေရာဆိုတော့လေ၊ ဒလန်ဘယ်သူဆိုတာ သိသွားမှာစိုးလို့ ဖမ်းခံရတဲ့ ရွာသားတွေ အကုန်သတ်သွားတာပါ ” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
 
ချင်းတွင်းတံတားထိပ် အောင်ဇေယျ စစ်မှုထမ်းဟောင်းရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို အနောက်မြောက်တိုင်းစစ်ဌာနချူပ်က တပ်ဖွဲ့ဝင်တွေ ကားနဲ့ရောက်လာပြီး အဲဒီကတဆင့် ခြေလျင် စစ်ကြောင်းထိုးတာ ဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
 
စစ်အုပ်စုက သတ်ဖြတ်သွားတဲ့ PDF တပ်ဖွဲ့ဝင်သုံးဦးဟာ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်တဲ့ Chindwin Tiger အဖွဲ့က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး ရွာလုံခြုံရေး ဆောင်ရွက်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ မြေပြင်အခြေအနေတွေ သိရှိသူက ပြောပါတယ်။
 
စစ်အုပ်စု ကျောထောက်နောက်ခံပြုထားတဲ့ တယ်လီဂရန်ချန်နယ်တွေမှာလည်း PDF တွေ အသတ်ခံထားရတဲ့ ပုံတွေနဲ့ လက်နက်ခဲယမ်းတချို့ ဖမ်းဆီးရမိထားတဲ့ ပုံတွေကို ဖော်ပြနေကြပါတယ်။
 
စုန်းချောင်းရွာကို စီးနင်းမှုအတွင်း ရိုင်ဖယ်သေနတ် နှစ်လက်၊လက်လုပ် တတောင့်ထိုးသေနတ် ကိုးလက်နဲ့ ကျည်မျိုးစုံ ၄၅၀ နီးပါး အပါအဝင် ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိတယ်လို့လည်း အဲ့ဒီချန်နယ်တွေက ဖော်ပြကြပါတယ်။
 
စစ်အုပ်စုရဲ့ စစ်ကြောင်း ကျေးရွာထဲကို ဝင်ရောက်နေချိန်မှာ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့ခံရတာ ရှိပေမယ့် ပျက်စီးသွားတဲ့ နေအိမ်အရေအတွက်အတိအကျတော့ မသိရသေးပါဘူး။
 
လက်ရှိမှာ အဲဒီစစ်ကြောင်းက ချင်းတွင်းမြစ်တံတားထိပ်က အထိုင်စခန်းကို ပြန်လည်ရောက်ရှိနေပေမယ့် စုန်းချောင်း၊ ကွေ့ချောင်း၊ သံဘို၊ အင်းဖျားစတဲ့ ကျေးရွာ လေးရွာလောက်က ဒေသခံ ၅၀၀၀ နီးပါးလောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
စုန်းချောင်းရွာဟာ ဆားလင်းကြီးနဲ့ ယင်းမာပင်မြို့နယ်အစပ် လက်ပံတောင်းတောင်စီမံကိန်း ဧရိယာမြောက်ဘက် ချင်းတွင်းမြစ်ကမ်းဘေးက ရွာတရွာဖြစ်ပါတယ်။
 
အဲ့ဒီရွာဟာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ)တိုင်းမှူးဟောင်းဖြစ်သူ ဗိုလ်ချုပ် မြတ်သက်ဦး ရဲ့ဇာတိရွာဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီး DNA က သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
 
ဗိုလ်ချုပ်မြတ်သက်ဦးဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ခု နှစ် ဖေဖော်ဝါရီလဆန်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ် သြဂုတ်လမှာ ရတခ တိုင်းမှူးအဖြစ် ပြောင်းရွှေ့ခံရပါတယ်။ အဲဒီနောက် ရှစ်လဝန်းကျင်အကြာ အခုနှစ်မတ်လမှာ အနားပေးခံခဲ့ရပါတယ်။
 
တိုင်းမှူးအဖြစ်က အနားပေးခံရပြီးနောက် ဗိုလ်ချုပ်မြတ်သက်ဦးကို စစ်ကောင်စီက လာအိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ထားပါတယ်။
 
ဓာတ်ပုံ – Social Media
ပုံစာ – စီးနင်းခံရမှုအတွင်း သေဆုံးခဲ့သူများကို မီးသင်္ဂြိုလ်နေစဥ်။