ဇူလိုင်၊ ၂၀
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ စိန်ကန့်လန်-မြို့ချောင်း ရိုးမဖြတ်ကျော်လမ်း ချောင်းအနီးမှာ စစ်ကောင်စီနဲ့ ပေါင်းပြီး ပဲခူးရိုးမအတွင်းကနေ မီးသွေး ခိုးထုတ်လာတဲ့ ပျူစောထီး နှစ်ဦးကို ဇူလိုင်လ ၁၉ ရက်၊ မနေ့က ညနေ ၅ နာရီခန့်မှာ ပစ်ခတ်ခဲ့လို့ သေဆုံးသွားတယ်လို့ သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅) တာဝန်ရှိသူတဦးက ပြောပါတယ်။
“ သူတို့ အလောင်းသယ်တာ စစ်ကားငါးစီးနဲ့ သယ်တာ ပြောဦးမယ်။ စစ်ကားငါးစီးနဲ့ သယ်တာတောင် ပြည်သူလေးဦးကို ဖမ်းလိုက်တယ်၊ စစ်သားတွေက ကျွန်တော်တို့ တပ်ဖွဲ့တွေက မိုင်းထောင်မှာစိုးလို့ အဲ့ပြည်သူလေးဦးကို ရှေ့ကနေ သွားခိုင်းတာ၊ သွားခိုင်းပြီး နောက်မှ သူတို့က ကားနဲ့ နောက်က လိုက်တာပေါ့ဗျာ။ ပြည်သူတွေတော့ သေရင်သေ ကြေရင်ကြေပေါ့၊ ရှေ့မှာ သွားခိုင်းပြီးတော့မှ အလောင်းကို ကောက်တာ ” လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
သေဆုံးခဲ့သူနှစ်ဦးမှာ စိန့်ကန့်လန့်ရွာ RTC ရပ်ကွက်မှာနေထိုင်တဲ့ ဦးချစ်မွှေး နဲ့ ဦးကောင်းစံ ဖြစ်ပြီး သူတို့နှစ်ဦးမှာ ခလရ (၁)မှ တပ်ကြပ်ကြီး ခင်မောင်ကြည်ရဲ့ လက်ရင်းတပည့်တွေ ဖြစ်တာကြောင့် စစ်ကောင်စီထောက်တိုင်အဖြစ် သတ်မှတ်ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
အဲဒီပျူစောထီးနှစ်ဦးကို ပစ်ခတ်ခဲ့ပြီး သူတို့ မီးသွေးသယ်ယူရာမှာ အသုံးပြုတဲ့ ဖောကားကို တော်လှန်ရေးအင်အားစုတွေက မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၅) တာဝန်ရှိသူက ဆက်ပြောပါတယ်။
ပဲခူးရိုးမမှာ စစ်ကောင်စီနဲ့ မီးသွေးခိုးထုတ်တဲ့ အမျိုးသားနှစ်ဦး သေဆုံးပြီးနောက် စစ်ကောင်စီတပ်က ဓားစာခံ အရပ်သားလေးဦးကို ရှေ့က အကာအကွယ်ယူပြီး စစ်ကားငါးစီးနဲ့ မနေ့က ညနေမှာ အလောင်း လာကောက်ယူသွားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က အဲဒီအလောင်းတွေ ကောက်ယူရာမှာ ရှေ့ကနေ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရသူ လေးဦးကတော့ ဘယ်သူတွေ ဖြစ်တယ်လို့ဆိုတာ မသိရသေးဘူးလို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောကြားပါတယ်။
“ ဖမ်းခံရသူ ဘယ်သူဘယ်ဝါဆိုတာ မသိဘူး ဖြစ်နေတယ်။ အသေးစိတ်တော့ မစုံစမ်းနိုင်သေးဘူး။ ဟိုဟာ ဖမ်းခံရတယ်ဆိုတာတော့ သိတယ်။ ရိုးမထဲက ပြည်သူလေးဦးပေါ့ဗျာ။ အစပ်မှာ လမ်းသွားတဲ့ လမ်းသွားလမ်းလာ လေးဦးပေါ့ဗျာ။ အဲ့ဒါကို သူတို့က ဖမ်းခေါ်သွားပြီးတော့မှ အလောင်းကို သူတို့ အလောင်းကို ကောက်တယ်ပေါ့ဗျာ “ လို့ အဆိုပါတာဝန်ရှိသူက ဆိုပါတယ်။
သေဆုံးခဲ့သူ ပျူစောထီးနှစ်ဦးမှာ ရိုးမထဲရှိ PDF စခန်းနေရာ ရှာဖွေရာမှာ အားကြိုးမာန်တက် လိုက်ပါပြသသူများ ဖြစ်သလို စစ်ကောင်စီ စစ်သားတွေ ပဲခူးရိုးမပေါ် သွားလာရေးမှာလည်း အကြိုအပို့ လုပ်ဆောင်ပေးနေပြီး စစ်ကောင်စီနဲ့ပေါင်းကာ သစ်နဲ့မီးသွေး ခိုးထုတ်နေတဲ့သူတွေလို့လည်း သိရပါတယ်။
“ အခုက သတင်းရတယ်ဗျာ ဒီလူတွေက အခု ဒီတိုက်နယ်တွေက ဒီကားက အဲဒီတိုက်နယ်အတွင်းမှာ စစ်ခွေးတွေကို အကြိုအပို့ လုပ်တာ ခြောက်ခါထက်မနည်းတော့ဘူး၊ ဘယ်လိုလုပ်လဲဆိုရင် ဒီကားက သူက ကားပိုင်ရှင်ကတော့ ကုလားဦးရွာက၊ ကုလားဦးရွာဆိုတဲ့ရွာက ဦးမွန်တီးရဲ့ကား ကားပိုင်ရှင်က၊ ဒီလူတွေက စစ်ခွေးတွေပေါင်းပြီး သစ်တွေကို သယ်နေတာပေါ့ဗျာ၊ သာမန်ပြည်သူတွေက ဆိုင်ကယ်တွေနဲ့ တနိုင်လုပ်စားနေတဲ့သူတွေကို ဟာကို ဖမ်းတယ်။ ဖမ်းတဲ့ သစ်တွေဆိုလည်း အချိုအချောင်ရတယ် ၊ စစ်ခွေးတွေလည်း ပို့ပေးတယ် ရိုးမထဲ လုပ်စားနေတာပေါ့ဗျာ ” လို့ သူကဆိုပါတယ်။
လက်ရှိမှာ ပဲခူးရိုးမအတွင်း စစ်ကောင်စီ အင်အား တရာကျော် ရောက်ရှိနေပြီး အရပ်သားတွေကို ဖမ်းဆီးနေတာတွေ လုပ်ဆောင်နေကာ ဖမ်းဆီးခံရတဲ့ဒေသခံတွေရဲ့ အခြေနေတွေကို စုံစမ်းလို့ မရသေးလို့လည်း ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်မှာ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ပံတန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီယန္တယား လည်ပတ်နိုင်အောင် မကူညီဖို့၊ စစ်ကောင်စီနဲ့ မပူးပေါင်းဖို့နဲ့ ပူးပေါင်းပါက ရှင်းလင်းသွားမယ်လို့ ကြေငြာချက်ထုတ်ပြီးနောက် အခုလို စစ်ကောင်စီဒေါက်တိုင်တွေကို ရှင်းတာဟာ ပထမဆုံးမစ်ရှင်လုပ်တာလို့လည်း ပြောပါတယ်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၅) အနေနဲ့ ပြည်သူကို ကာကွယ်ရန်နှင့် စစ်ကောင်စီတိုက်ရုံမျှမက ပဲခူးရိုးမကို ကာကွယ်ရန် တာဝန်ရှိတာကြောင့် ပဲခူးရိုးမအတွင်း ဆိုင်ကယ်တွေနဲ့ သာမန်သစ်ထုတ်ယူနေတဲ့ ပြည်သူတွေကို အရေးယူမှု မရှိပေမယ့် စစ်ကောင်စီနဲ့ပေါင်းပြီး သစ်ခိုးထုတ်နေတဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို ရှင်းလင်းသွားမယ်လို့ ဆိုထားပါတယ်။
“ ဒါက ကနဦးပေါ့ဗျာ ကနဦးသတိပေးချက်ထုတ်ပြီး ပထမဆုံးမစ်ရှင်ပေါ့ ။ ကျွန်တော်တို့က စကစဒေါက်တိုင်တွေ ရှင်းလင်းရာမှာလည်း သေချာအချက်အလက်စုဆောင်းပြီး သေချာမှ ရှင်းလင်းတာပါ “ လို့ ပြောပါတယ်။
ဓာတ်ပုံ – သာယာဝတီခရိုင်၊ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ (၅)