ချင်းပြည်ကို ရိက္ခာပို့ထွက်လာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် တရက်ခရီးကို တပတ်နီးပါးအထိမရောက်နိုင်သေး

ဇူလိုင် ၊ ၁၉ 

 မကွေးတိုင်းဘက်ကနေ ချင်းပြည်နယ်တောင်းပိုင်းကို ရိက္ခာပို့ထွက်ခွာလာတဲ့ အင်အား သုံးရာဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံနေရတာကြောင့် တရက်ခန့်သွားရတဲ့ခရီးကို တပတ်ကြာတဲ့အထိမရောက်နိုင်သေးဘူးလို့ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ “လောင်းရှည်ဘက်ကနေ ချင်းပြည်နယ် ၊ကျင်ဒွေးဒေသဘက်ကိုသွားမယ်ဆိုရင် တရက်ခရီးပဲ ရှိတာပါ။

လက်ရှိ စစ်ကောင်စီတပ်တွေက အဲဒီကျင်ဒွေးကို ရိက္ခာပို့ဖို့ထွက်လာတာ ခြောက်ရက်လောက်တော့ရှိသွားပြီ။ သူတို့ထွက်လာတဲ့ လမ်းတလျှောက်မှာ ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့တွေက ဟန့်တားတိုက်ခိုက်ထားနိုင်တော့ သူတို့မရောက်သေးဘူးပေါ့။ သူတို့(စစ်ကောင်စီတပ်)သွားမယ့်ခရီးရဲ့ လေးပုံတပုံပဲရောက်သေးတာပါ”လို့ မင်းဘူးခရိုင်တပ်ရင်း(၁) တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းကို ရိက္ခာပို့ဆောင်ဖို့ရာကြိုးစားနေတဲ့ အင်အား သုံးရာဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေဟာ ဇူလိုင် ၁၄ ရက်က မကွေးတိုင်း လောင်းရှည်မြို့နယ်ကနေ စတင်ထွက်ခွာလာခဲ့တာဖြစ်ပြီး လမ်းတလျှောက်မှာ ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဟန့်တားတိုက်ခိုက်မှုတွေခံနေရတာကြောင့် လမ်းခရီးမှာ တပတ်ခန့်ကြာမြင့်နေတာလည်း ဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်တောင်ပိုင်း ၊ကန်ပက်လက်မြို့နယ်ထဲကို မကွေးတိုင်းအစပ်ကနေ ရိက္ခာပို့ဆောင်ဖို့ရာအတွက် စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့် CDF- Kanpetlet(ခေါ်နူးတပ်ရင်း)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဟန့်တားတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေနဲ့ CDF- Kanpetlet အပါအဝင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြားမှာ စစ်ရေးအရှိန်မြင့်တက်နေပြီးတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တွေက ပြောကြပါတယ်။ ဇူလိုင် ၁၈ ရက်၊ မနက်ပိုင်းက ချင်းပြည်နယ် ၊ကျင်ဒွေးဒေသဘက်ကိုထွက်ခွာလာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မကွေးတိုင်းအစပ် ရင်းကဲကျေးရွာအနီး ယွန်းချောင်းဘက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေ အထိခိုက်အကျဆုံးများခဲ့တာကြောင့် လေကြောင်းကပါတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ချင်းပြည်နယ်တောင်ပိုင်းကို ရိက္ခာပို့ဆောင်ဖို့ထွက်လာရာလမ်းမှာရှိတဲ့ မကွေးတိုင်းအစပ်က ရင်းကဲရွာကိုလည်း ဇူလိုင် ၁၄ ရက်မှာ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခေါ်နူးတပ်ရင်းက ထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ဇူလိုင် ၁၉ ရက် မွန်းလွဲပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ မကွေးတိုင်းနဲ့ ချင်းပြည်နယ်စပ်မှာရှိတဲ့ မဆွာတီကျေးရွာထဲကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဒေသခံတွေအနေနဲ့ ကျေးရွာထဲကိုဝင်ထွက်သွားလာတာမျိုး မပြုလုပ်ကြဖို့ ခေါ်နူးတပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။ စစ်ကောင်စီတပ်တွေက ချင်းပြည်နယ်တောင်ပိုင်းကို ဝင်ရောက်ဖို့ကြိုးစားနေတာကြောင့် မကွေးတိုင်း လောင်းရှည်မြို့နဲ့ကန်ပက်လက်မြို့နယ်ဘက်ကိုဆက်သွယ်ထားတဲ့ ဆွဲလွဲကျင်း-မဆွာတီ-ကျင်ဒွေး လမ်းမကြီးကို ဇူလိုင် ၁၁ ရက်ကစတင်ပြီး ယာယီပိတ်ထားလိုက်တယ်လို့ အဲဒီတပ်ရင်းရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

“စစ်ကောင်စီတပ်တွေက သူတို့မရရအောင် ရိက္ခာသွားပို့နေတာဆိုတော့ ကျွန်တော်တို့ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့က တိုက်ပွဲတွေကဆက်ဖြစ်နေမှာပဲ။ ကျွန်တော်တို့ကတော့ သူတို့(စစ်ကောင်စီတပ်)အသွားရောအပြန်ပါ တိုက်ခိုက်သွားမှာ”လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။ ချင်းပြည်နယ်ထဲကို ရိက္ခာပို့ဆောင်ဖို့သွားနေတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက Rocket နဲ့ ပစ်ခတ်တာ၊ မိုင်းဆွဲတိုက်ခိုက်တာ၊ ချောင်းမြောင်းပစ်ခတ်တာနဲ့ ပြောက်ကျားတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးများပြားနေသလို ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေထဲကလည်း ရဲဘော်ငါးဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်းဘက်ကနေ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် ရှစ်ဆယ် ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးရဲဘော် ငါးဦးကျဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၁၈ ရက်ညမှာ သတင်းထုတ်ပြန်ထားပါတယ်။ အဲဒီလို စစ်ကောင်စီတပ်သားတွေ ရှစ်ဆယ် ဦး သေဆုံးတာနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

စစ်ကောင်စီတပ်က ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်ထဲကို ရိက္ခာပို့ဆောင်ဖို့ စစ်ကြောင်းထိုးနေတဲ့လမ်းတလျှောက်က မကွေးနဲ့ ချင်းနယ်စပ်က ဒေသခံတွေလည်း စစ်ဘေးတိမ်းရှောင်နေကြရပြီး စုစုပေါင်း စစ်ဘေးရှောင်နှစ်ထောင် ကျော်ရှိနေပြီဖြစ်တာကြောင့် အကူအညီတွေလည်းလိုအပ်နေတယ်လို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

ချင်းပြည်နယ်တောင်းပိုင်းကို ရိက္ခာပို့ဆောင်ဖို့လာနေတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင် တပ်ရင်း(၃)၊ တပ်ရင်း(၅)၊ တပ်ရင်း(၆)၊ မကွေးခရိုင် တပ်ရင်း(၁)၊ မင်းဘူးခရိုင် တပ်ရင်း (၁)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄)၊ တပ်ရင်း (၆)၊ စလင်း(ပကဖ)နဲ့ Khonu Battalion, CDF- Kanpetlet (ခေါ်နူးတပ်ရင်း)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့နေတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်းကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီရဲ့ သံချပ်ကာနှစ်စီးနဲ့ ယာဉ်အစီးအရေသုံးဆယ်ပါတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ချင်းပြည်နယ်ကို မတ်လ ၇ ရက်နေ ဧပြီလ ၁၃ရက်အထိ ရိက္ခာပို့ဖို့ သွားခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေက ချေမှုန်းခဲ့လို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်။ 

Photo-Khonu Battalion, CDF- Kanpetlet