ဇူလိုင်၊ ၁၉
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ် ကျောက်စာတိုင်ရွာအနီး မယူတောင်တန်းမှာ ရခိုင့်တပ်တော်(AA)နဲ့ (ARSA) အာဆာအဖွဲ့တို့ မနေ့ကတိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုတွရှိနိုင်တယ်လို့ အဲ့ဒီအနီးတဝိုက်မှာ နေထိုင်တဲ့ ဒေသခံတွေက DNA ကိုပြောပါတယ်။
မနေ့က ဇူလိုင် ၁၈ ရက် ညနေ သုံးနာရီဝန်းကျင်လောက်မှာ နှစ်ဖက်တိုက်ပွဲတွေစဖြစ်ခဲ့ကြတာဖြစ်ပြီး နှစ်ဖက် အကျအဆုံး ဆယ်ဂဏန်းလောက်အထိ ရှိနိုင်တယ်လို့ဒေသခံတွေကြားသတင်းတွေထွက်နေပေမယ့် နှစ်ဖက်တပ် တွေက အတည်ပြုထုတ်ပြန်တာမျိုးတော့မရှိသေးပါဘူး။
“တိုက်ပွဲက မနည်းကြာတယ်တဲ့၊မယူတောင်ထဲမှာ ဖြစ်ကြတာ၊ဟိုဘက်ဒီ ဘက် အကျအဆုံးက များတယ်၊ အတိ အကျတော့ မသိဘူး၊ဒါပေမယ့် အနည်းဆုံး ဆယ်ယောက်လောက် ရှိတယ် လို့ ကြားပါတယ်၊ဒီနေ့တော့ မဖြစ်ဘူး၊ မနေ့ကတရက်ပဲ ဖြစ်တာ”လို့ ဘူးသီးတောင်ဒေသခံတဦးက ပြောပါတယ်။
မနေ့ကတိုက်ပွဲဖြစ်ခဲ့ကြတဲ့နေရာဟာ ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်အစပ်နေရာဖြစ်ပြီး အဲဒီနေရာ မှာ ARSA က အရင်ကတည်းက နေရာယူနေခဲ့တာတွေရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
“ဟိုဘက်ဆိုရင် မောင်တောမြို့နယ်တောင်ပိုင်း၊ မယူတောင်ကျော်လိုက်ရင် ဒီဘက်က ဘူးသီးတောင်မြို့နယ်ပေါ့၊ အခုဖြစ်ကြတာက မယူတောင်တန်းထဲမှဖြစ်ကြတာ၊ဒါပေမယ့် ဒီလို တိုက်ပွဲဖြစ်တာက ထူးဆန်းနေတယ်၊ အရင် က မရှိဘူး”လို့ အဲဒီ အနီးတဝိုက်က ဒေသခံ မွတ်ဆလင်အမျိုးသားတဦးက ပြောပါတယ်။
အခု တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့အကြောင်းနဲ့ပက်သက်လို့ ARSA နဲ့ AA တို့က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါ သလို DNA ကလည်း AA ပြောခွင့်ရ ခိုင်သုခံထံ မေးမြန်းဖို့ ဆက်သွယ်နေဆဲဖြစ်ပါတယ်။
AA ဟာ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခု နိုဝင်ဘာလ ၂၆ ရက်နေ့ကတည်းက အပစ်အ ခတ်တွေ ရပ်စဲထားခဲ့တာဖြစ်ပြီးအဲ့ဒီနောက်ပိုင်းမှာ မနေ့ကပထမဆုံးအကြိမ် တိုက်ပွဲပြန်ဖြစ်လာတာ ဖြစ်ပါတယ်။
ARSA ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ရဲစခန်းနဲ့ တပ်စခန်းအချို့ကို ဝင် ရောက် တိုက်ခိုက်ရာကနေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အဲဒီနောက်ပိုင်းမှာလည်း မြန်မာစစ်တပ်နဲ့ မကြာ ခဏ တိုက်ပွဲတွေ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ARSA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။အဲဒီဖြစ်စဉ်နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ်အတွင်း ARSA နဲ့ တိုက်ပွဲဖြစ်တဲ့ သတင်းတွေမတွေ့ရတော့ဘဲ မနေ့ကပထမဆုံးအကြိမ် ပြန်လည်ထွက်ပေါ်လာတာပါ။