လက်နက်ခဲယမ်းနဲ့အတူ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားကို CDF ဟားခါးက ကျပ်သိန်းငါးဆယ်ပေးအပ်

ဇူလိုင်၊ ၁၈
 
ချင်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တဦးဟာ ဇူလိုင်လ ၁၇ ရက် မနေ့က CDM ပြုလုပ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ သူတို့တပ်ဖွဲ့ဆီ ခိုလှုံလာတယ်လို့ ချင်းကာကွယ်ရေးတပ် တခုဖြစ်တဲ့ CDF Hakha တာဝန်ရှိသူတဦးက DNA ကိုအတည်ပြုပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဟားခါးမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၆) ကဖြစ်ပြီး သူနဲ့အတူ MA-1 သေနတ်တလက်၊ ကျည်အိမ်လေးခု၊ ကျည်ဆန် ၁၂၆ တောင့် ပါလာခဲ့တယ်လို့ CDF ဟားခါး တာဝန်ရှိသူက ပြောပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်ကို ဆုကြေးငွေအဖြစ် CDF Hakha တပ်ဖွဲ့က ကျပ်သိန်းငါးဆယ် ပေးအပ်ခဲ့ပြီး သူ့ရဲ့ အသက်လုံခြုံရေးအတွက်လည်း တာဝန်ယူဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
 
အလားတူပဲ စစ်ကောင်စီကို ဆန့်ကျင်ပြီး သူတို့နဲ့အတူ လာရောက်ပူးပေါင်းမယ့် အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ကြိုဆိုတယ်လို့ မနေ့က စစ်ကောင်စီတပ်သားတဦး CDM ဝင်လာတာနဲ့ပတ်သက်လို့ CDF Hakha ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
အဲဒီလို လာရောက်ပူးပေါင်းတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အသက်လုံခြုံရေးကိုလည်း သူတို့အနေနဲ့ အလေးထား စောင့်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း တပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်တဦး သေနတ်တလက်နဲ့အတူ CDF Hakha ထံ ခိုလှုံကာ CDM ပြုလုပ်ခဲ့ပါတယ်။
 
အလားတူပဲ ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း ထန်တလန်မြို့နယ် အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၆၉) က တပ်ဖွဲ့ဝင်နှစ်ဦးဟာ CDF Hakha တပ်ဖွဲ့ထံကိုပဲ သေနတ်တလက်စီနဲ့ CDM ပြုလုပ်ခဲ့ပါသေးတယ်။
 
စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပူးပေါင်းပါဝင်လာတဲ့ စစ်သားနဲ့ ရဲ စုစုပေါင်း တသောင်းခြောက်ထောင်ဝန်းကျင် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အခုနှစ်ဧပြီလမှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – CDF Hakha