ရေဖြူမြို့နယ်က တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံး

ဇူလိုင်၊ ၁၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ဧကနိရွာအနီး ဇူလိုင်လ ၁၅ ရက်ကစစ်ကောင်စီတပ်နဲ့  ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး ကျဆုံးခဲ့တယ်လို့တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

“အရပ်ဝတ်နဲ့ လာတဲ့ စကစတပ်သားတွေနဲ့ ဒီဘက်က ကင်းတာဝန်ကျတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ဖြစ်တာ၊ သူတို့က လက်နက်ကြီးတွေ တော်တော်သုံးပြီးပစ်တာ၊ ရဲဘော်တွေကတော့ ကျည်ထိပြီးပဲ ကျတယ်၊ အလောင်းတွေတော့ ပြန်ရလိုက်တယ်” လို့ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်ရှိရာ နဘုလယ်ဒေသဘက်ကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မနက် ၉ နာရီလောက်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

နှစ်ဖက်တပ်တွေ တနာရီဝန်းကျင် ဖြစ်ပွားခဲ့တဲ့ အဲဒီတိုက်ပွဲအတွင်း အသက် ၂၃ နှစ်ရှိ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးနဲ့ အခြားမဟာမိတ်တပ်ဖွဲ့ဝင်တဦး ကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေကိုတော့ မသိရပါဘူး။

ကျဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းကိုတော့ ဇူလိုင်လ ၁၆ ရက် မနေ့က ဂူသွင်းသင်္ဂြုဟ်လိုက်ပြီလို့လည်း တော်လှန်ရေးအင်အားစုတွေက ပြောကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ပစ်ခတ်မှုဖြစ်ပြီးနောက် နဘုလယ်ဒေသဘက်ကို ပြန်လည်ဆုတ်ခွာသွားပြီး လက်ရှိ အဲဒေသတဝိုက်မှာ စစ်ကြောင်းထိုးသွားလာနေတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်ကတည်းက ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ၄၀၆ ဘက်ကနေ နဘုလယ်ဒေသဖြစ်တဲ့ မရင်းကြီး၊ လဲရှောင်၊ ထိန်ကြီး၊ ခမောင်းချောင်းနဲ့ မူးဒူး စတဲ့ ကျေးရွာတွေဘက်က စစ်ကြောင်းထိုးလာတဲ့ တပ်ဖွဲ့ဝင်တွေဖြစ်ပြီး စစ်ကြောင်းထိုးဝင်လာစဉ်ကလည်း ပြည်သူကာကွယ်ရေး ပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှု ခံခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်ကလည်း အဲဒီ နဘုလယ်ဒေသမှာရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းက စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကိုးဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာနဲ့ပါ ဗုံးကြဲစစ်ကူပေးခဲ့ရပါတယ်။

မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ အခုနှစ်အတွင်း တိုက်ပွဲတွေပိုများလာပြီး ၂၀၂၃ ခုနှစ်အစကနေ အခု ဇူလိုင်လ ၁၇ ရက်အထိ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၈ ဦးထက်မနည်း ရှိပြီဖြစ်ပါတယ်။