ဇူလိုင်၊ ၁၇
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်းရွာက အဝါရောင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း (YGW) မိဘမဲ့ကလေးငယ်များစောင့်ရှောက်ရေးကျောင်းမှာ အသက် ငါးနှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ကလေးငယ်ကို ကူညီပေးနေသူတွေက DNA ကိုပြောပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းမှာ အဓမ္မပြုကျင့်ခံခဲ့ရတာဖြစ်ပြီး ကျူးလွန်ခံရသူကလေးငယ်ရဲ့ အသက်ကိုး နှစ်အရွယ် အစ်မဖြစ်သူ ပြောပြချက်အရ စစ်ဆေးကြည့်ရာက မိန်းမကိုယ်အင်္ဂါမှာ ပုံမှန်မဟုတ်တာကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနောက် မှုခင်းဆရာဝန်နဲ့ စစ်ဆေးကြည့်ခဲ့တာကြောင့် မိန်းမကိုယ်အင်္ဂါမှာ ထိုးသွင်းဒဏ်ရာရထားပြီး အဓမ္မပြုကျင့်ခံထားရတာကို အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ကလေးကိုက အဲဒီကျောင်းက တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မတို့ အိမ်အလည်ခေါ်ပြီး မုန့်ကျွေးတာ၊ ကစားကွင်းလိုက်ပို့တာတွေ လုပ်နေကျ၊ ဒီတခေါက်အိမ်ခေါ်လာတော့ အဲလိုပြုကျင့်ခံရတယ်ဆိုတာ သူ့အစ်မက အရင်ပြောပြတာ၊ ပြီးတော့ သူကိုယ်တိုင်လည်း ပြောပြတယ်၊ အခုတော့ ကလေးကို လူမှုဝန်ထမ်းကယ်ဆယ်ရေးက စောင့်ရှောက်ထားတယ်” လို့ ကျူးလွန်ခံရတဲ့ ကလေးငယ်ကို ကူညီပေးနေသူတဦးက DNA ကို ပြောပါတယ်။
အဲဒီလို ကျူးလွန်ခံရတာကို ကျောင်းရဲ့ တာဝန်ခံဆရာတော်အပါအဝင် တာဝန်ရှိသူတချို့က သိရှိကြပေမယ့် ဖုံးဖိထားတာကြောင့် ကျူးလွန်ခံရပြီး သုံးလနီးပါးလောက်အကြာမှဖြစ်စဉ်ကို သိရတာလို့လည်း သူက ပြောပါတယ်။
လက်ရှိမှာဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲဒီဘုန်းကြီး ကျောင်းမှာ ဝေယျာဝစ္စလုပ်ရင်း နေထိုင်တဲ့ အသက် နှစ်ဆယ်ဝန်းကျင်အရွယ် အမျိုးသားတဦးကို သာပေါင်းမြို့မရဲစခန်းမှာအမှုဖွင့်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ကလေးကို ကူညီပေးနေသူတွေဘက်ကနေ အဓမ္မမှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ (မုဒိမ်းမှု)နဲ့ သာပေါင်းမြို့နယ်တရားရုံးမှာ အမှုဖွင့်ထားပြီး ပထမအကြိမ် ရုံးချိန်းစစ်ဆေးပြီးပြီလို့ ကူညီပေးနေသူတွေကပြောပါတယ်။
YGW အသင်းရဲ့ ဧရာဝတီတိုင်း နာယကဆရာတော်ကတော့ အဲဒီအဓ္ဓမပြုကျင့်မှု ဖြစ်ပွားခဲ့တယ်ဆိုတာ အမှန်ဖြစ်ပြီး ကျူးလွန်တဲ့သူကို အရေးယူနိုင်ဖို့ဆောင်ရွက်နေတယ်လို့ DNA ကို မိန့်ပါတယ်။
“ဖြစ်တာက အရင်က ကျောင်းကို တာဝန်ယူထားတဲ့ ဆရာတော် လက်ထက်မှာဖြစ်ခဲ့တာ၊ ဒါပေမယ့် သူ က ဒီကိစ္စကို ဖုံးထားတော့ ဦးပဥ္ဇင်းတို့လည်း ဘာမှမသိရတော့ ဘာအရေးယူမှုမှ မလုပ်နိုင်ခဲ့ဘူး၊အဲ့ကျောင်းတာဝန်ခံဆရာတော်ကိုက ဒီလိုကိစ္စတွေဖြစ်တယ်ဆိုတာ ဦးပဥ္ဇင်းတို့မသိရခင် ငွေကြေးအရှုပ် အရှင်းကိစ္စတွေလည်းရှိလို့ တာဝန်က ရပ်စဲထားတာ၊အခု နောက်ဆရာတော်တပါး တာဝန်ယူထားတဲ့အချိန်မှ အရင်က အဲလိုဖြစ်ခဲ့မှန်းသိရတာ၊ သိသိချင်းပဲ ကျူးလွန်သူကို အရေးယူဆောင်ရွက်နိုင်ဖို့ ဌာနဆိုင်ရာတွေ၊ ရဲတပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်၊ဦးပဥ္ဇင်းတို့က ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်အောင် ဥပဒေအတိုင်းပဲ လုပ်ဆောင်သွားမှာပါ” လို့ ဆရာတော်က မိန့်ကြားပါတယ်။
သာပေါင်းမြို့မှာရှိတဲ့ အဲဒီ YGW မိဘမဲ့ကျောင်းမှာ အခုလို ကိစ္စမဖြစ်ခင် နို့စို့အရွယ်ကစလို့ ကလေးငယ် ခြောက်ဆယ်ကျော်ရှိပြီး လက်ရှိမှာတော့ မိန်းကလေးတွေကို ဧရာဝတီတိုင်းထဲက တခြား YGW မိဘမဲ့ကျောင်းတွေဆီ ပြောင်းရွှေ့ထားတယ်လို့လည်း သိရပါတယ်။
ဧရာဝတီတိုင်းထဲမှာ Yellow Generation Wave(YGW) အသင်းက ဦးဆောင်ပြီး ဖွင့်လှစ်ထားတဲ့ မိဘမဲ့ကလေးငယ်များစောင့်ရှောက်ရေးကျောင်း လေးကျောင်း၊ ဘိုးဘွားရိပ်သာတခုနဲ့ တရားစခန်းတခုရှိနေပါတယ်။