ဇူလိုင်၊ ၁၇
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းမှာ ဇူလိုင်လ ၁၆ ရက်မနေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ စက်လှေတစီးဟာ ထားဝယ်မြစ်အတွင်း တိမ်းမှောက်ခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေထံကနေ သိရပါတယ်။
” အဲနေ့က သကျက်တောရွာမှာ တချို့ထားခဲ့ပြီး သုံးဆယ်လောက်က စက်လှေနဲ့ ကျောက်နီမော်ဘက် ထွက်သွားတာ၊ ဒါပေမယ့် လှေရော စစ်သားတွေရော ကျောက်နီမော်ဘက် ရောက်မလာဘူး၊ မှောက်တာက အဲလှေဖြစ်မယ်။ အဲညက မိုးတွေ လေတွေလည်း ကြိီးနေတာ ” လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။
ဒေသခံတွေကတော့ အဲဒီစက်လှေနစ်မြုပ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေ ရှိတယ်လို့ ပြောကြပေမယ့် Delta News Agency သတင်းဌာနအနေနဲ့ကတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီတပ်သားတွေ သုံးဆယ်လောက် တင်ဆောင်လာတဲ့ အဲဒီစက်လှေဟာ ထားဝယ်မြစ်အတွင်း သကျက်တောကျေးရွာနဲ့ ကျောက်နီမော်ကျေးရွာအကြား အခုလို နစ်မြုပ်ခဲ့တာဖြစ်ပြီး အဲဒီစက်လှေဟာ ဇူလိုင်လ ၁၆ ရက်နေ့ ညနေပိုင်းမှာ သကျက်တောရွာ ကနေ ထွက်သွားတဲ့ လှေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကတော့ လှေနစ်မြုပ်တဲ့ နေရာအနီးအနားတဝိုက်ကို ဒီကနေ့ နေ့လယ်ပိုင်းအထိ ရှာဖွေတာတွေ လုပ်နေပြီး ကျောက်နီမော်ရွာ က ပျူစောထီးခေါင်းဆောင်ကလည်း အဲဒီညကတည်းက ရွာကနေ လှေနဲ့ ထွက်သွားတယ်လို့ သိရပါတယ်။
” ရွာက ရေငုပ်သမားတွေ လိုက်ခေါ်ပြီး ပျူစောထီးခေါင်းဆောင်က ညကတည်းက လှေနဲ့ ထွက်သွားတာ၊ ခေါ်သွားတာကတော့ ရေထဲကို လက်နက်ကြီးကျလို့ ရှာဖို့ဆိုပြီး ပြောတယ်။ ဒါပေမယ့် လှေပေါ်မှာ လက်နက်ကြီးကို ရေထဲပြုတ်ကျလောက်အောင်ထိတော့ သူတို့ မထားလောက်ဘူး၊ ကျရင်လည်း လှေမြုပ်လို့ ကျတာပဲဖြစ်မှာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် တရာလောက်ဟာ ဇူလိုင်လ ၁၅ ရက်ကတည်းက ထားဝယ်မြို့ကနေ သကျက်တော ကျေးရွာကို ရေလမ်းကတဆင့် စစ်ကြောင်းထိုး ရောက်ရှိနေတာဖြစ်ပြီး ပစ်ခတ်ဖမ်းဆီးမှုတွေလည်း အခုထိ ရှိနေပါတယ်။
သကျက်တောရွာနဲ့ ခုနှစ်မိုင်လောက်အကွာ ကျောက်နီမော်ကျေးရွာမှာတော့ ဦးချစ်စမ်းမောင် ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်သား အင်အား သုံးဆယ်ခန့် ပုံမှန်ရှိပါတယ်။
ဒါ့အပြင် အဲဒီကျောက်နီမော်ကျေးရွာကို ရေလမ်းကြောင်းကနေသွားလာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏ အဝင်အထွက်ရှိပြီး အနီးအနားရွာတွေကိုလည်း အဲရွာကနေတဆင့် စစ်ကြောင်းထိုးတာတွေ လုပ်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်းကပဲ ညောပြင်ကျေးရွာနဲ့ အောက်ကျောက်ဝပ်ကျေးရွာတွေကို အဲဒီ ကျောက်နီမော်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေနဲ့ ရေလမ်းကလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ကြိမ်ဝင်ရောက်ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် ရွာခံအမျိုးသားခြောက်ဦးကိုပါ ပစ်သတ်ခဲ့သလို ဒေသခံ ငါးထောင်နီးပါး နေရပ်မပြန်ရဲသေးဘဲ အခုချိန်ထိ ရွာလုံးကျွတ် တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။
ဓာတ်ပုံ – DNA