အီရန်ရဲ့ ရန်လိုမှုတွေကို တန်ပြန်ဖို့ ဟောမုဇ်ရေလက်ကြားဆီ အမေရိကန်က F-16တွေ စတင်ပို့ဆောင်

ဇူလိုင်၊ ၁၇

အီရန်ရေတပ်ရဲ့ ရန်လိုမှုတွေကို တန်ပြန်ဖို့အတွက် အမေရိကန် စစ်တပ်ဟာ ဟောမုဇ် ရေလက်ကြားဆီ F-16 တိုက်လေယာဉ်တွေ စတင် အင်အားဖြည့် ပို့ဆောင်နေကြောင်း သိရပါတယ်။ 

မကြာသေးခင် ရက်ပိုင်းအတွင်းမှာ ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းတဲ့ အမေရိကန် ရေနံတင် သင်္ဘော ၂ စီးကို အီရန် ရေတပ်က ကြားဖြတ် စီးနင်းဖို့ ကြိုးစားခဲ့ပြီး အဲဒီထဲက ၁ စီးဟာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကိုပါ ခံခဲ့ရကြောင်း အမေရိကန်က စွပ်စွဲထားပါတယ်။

အီရန်က အခုလို ရန်လိုတဲ့ အရိပ်အယောင်တွေ ပိုမို ပြသလာတဲ့အတွက် F-16 တိုက်လေယာဉ်တွေကို ဟောမုဇ် တဝိုက်က အာရပ် မဟာမိတ် နိုင်ငံတွေဆီ ဖြန့်ကျက် ပို့ဆောင်သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်မှာတော့ F-16တွေ ပေးပို့မှု အစီအမံတွေ လက်တွေ့ စတင်နေပြီလို့ သိရပါတယ်။

 အမေရိကန် ရေတပ်ရဲ့ အဆိုအရ အီရန် စစ်ရေယာဉ်တွေဟာ ရေနံတင်သင်္ဘော တစီးကို ပစ်ခတ်နေရာကနေ အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော ရောက်လာတော့မှ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရပါတယ်။ အီရန်ဟာ ဟောမုဇ် ရေလက်ကြားကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဖြတ်သန်း ခုတ်မောင်းနေတဲ့ အရပ်ဖက် ရေယာဉ်တွေကို အနိုင်ကျင့် ဒုက္ခပေးဖို့ ကြံစည်နေတာ ဖြစ်တယ်လို့ အမေရိကန်က စွပ်စွဲပါတယ်။

ရေနံတင် သင်္ဘောတွေ ရန်ပြုခံရတဲ့နောက် အမေရိကန်ရဲ့ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်ရေး A-10 တိုက်လေယာဉ်တွေဟာ ဟောမုဇ် ရေလက်ကြား တဝိုက်မှာ ကင်းလှည့် ပျံသန်းပေးနေပြီး အခုတော့ F-16တွေကပါ ကူညီ အားဖြည့်တော့မှာ ဖြစ်ပါတယ်။

F-16တွေ ရောက်လာတဲ့အခါ ဟောမုဇ်ကို ဖြတ်သန်းခုတ်မောင်းတဲ့ အမေရိကန် အရပ်ဖက် ရေယာဉ်တွေကို လေကြောင်းကနေ ကာကွယ်ပေးပြီး ဖြစ်စေတဲ့အပြင် အီရန်ရေတပ်အပေါ် စစ်ရေးအရ အသာစီး အခြေအနေကိုပါ ဖန်တီးယူထားနိုင်စေလိမ့်မယ်လို့ အမေရိကန် အမှတ် ၅ ရေတပ်မ ပြောရေးဆိုခွင့်ရ အရာရှိ တင်မ်ဟော်ကင်စ်က ပြောကြားသွားပါတယ်။

အီရန်ကတော့ အမေရိကန် ရေနံတင် သင်္ဘောတွေကို ကြားဖြတ် စီးနင်းဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ ဟောမုဇ် ရေလက်ကြားဟာ အီရန်နိုင်ငံနားမှာ တည်ရှိနေပြီး ကမ္ဘာ့ရေနံတင်ပို့မှု ကဏ္ဍမှာ အရေးအပါဆုံး ရေလမ်းကြောင်း တစ်ခုအဖြစ် သတ်မှတ် ခံထားရပါတယ်။ အီရန်ဟာ ဒေသတွင်း စစ်ပွဲဖြစ်လာရင် စစ်အင်အား အလုံးအရင်းသုံးပြီး ဟောမုဇ်ကို ပိတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

 

Ref: New York Times