စစ်တပ်အာဏာသိမ်းလို့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး လမ်းစပျောက်ခဲ့ရတယ်လို့ ကေအဲန်ယူဆို

ဇူလိုင်၊ ၁၆
 
စစ်တပ်က နိုင်ငံတော်အာဏာကို အတင်းအဓမ္မ သိမ်းယူလိုက်တာကြောင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနည်းလမ်းက လမ်းစပျောက်ခဲ့ရတယ်လို့ ကေဲအန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်ပါတယ်။
 
ဒီကနေ့မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းမှ ယခုလို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။
 
ကရင်အမျိုးသားများက မိမိတို့ရဲ့ အမျိုးသားများအား ကာကွယ်ရန်နဲ့ မိမိတို့ရဲ့ အနာဂတ်ကံကြမ္မာအတွက် ဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကရင်အမျိုးသားလက်နက်ကိုင်တပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ကို ၁၉၄၇ ခုနှစ် ၊ဇူလိုင်လ ၁၆ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
 
ကရင့်အမျိုးသားများရဲ့ သမိုင်းတလျှောက် မိမိတို့ ကရင်အမျိုးသားများအပါအဝင် အခြားသော လူမျိုးစုများသည် ယခုလက်ရှိအချိန်ထိ ဗမာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စစ်အုပ်ချုပ်ရေးကို အသုံးချနေတဲ့ အုပ်ချုပ်သူတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ အဲဒီသဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
 
အဲဒီနောက် ကိုလိုနီ အုပ်ချုပ်ရေးမှ လွှတ်မြောက်ပြီး လွတ်လပ်ရေး ရရှိလာတဲ့နောက်ပိုင်း ၁၉၆၂ ခုနှစ် နောက်ပိုင်း မြန်မာစစ်တပ်မှ အတင်းအဓမ္မ စစ်အာဏာသိမ်းခဲ့ပြီး ယခုလက်ရှိအချိန်ထိ စစ်အုပ်ချုပ်ရေးစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်တပ်ကို အာဏာအပ်နှင်းထားတဲ့ ပုံစံဖြစ်တမျိုး၊ ဖွဲ့စည်းပုံအခြေခံဥပဒေမဲ့ စစ်အုပ်ချုပ်ရေးစနစ် အဖြစ်တဖုံ၊ ပုံစံအမျိုးမျိုးနဲ့ စစ်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ပြည်ထောင်စုကြီးကို အတူတကွ ပိုင်ဆိုင်နေကြတဲ့ လူမျိုးစုအားလုံးက လွတ်လပ်မှု၊ တန်းတူညီတူရှိမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်များနဲ့ မိမိတို့ အမျိုးသားတွေရဲ့ လူမှုဘဝ၊ အမျိုးသားဂုဏ်အင်္ဂါ လက္ခဏာရပ်များ အဓွန့်ရှည်ရေးနဲ့ မိမိတို့ ကံကြမ္မာကို အမှန်တကယ် ဖန်းတီးပိုင်ခွင့် ရရှိရမှာဖြစ်တယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။
 
ကရင့်အမျိုးသားတွေနဲ့ အခြားသောလူမျိုးများက ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် မိမိတို့ရဲ့ နိုင်ငံအား လွတ်လပ်မှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ကြိုးပမ်းတည်ဆောက်နေတယ်လို့ ပြောပါတယ်။
 
ဒါပေမယ့် လူမျိုးကြီးဝါဒကို ကိုင်စွဲနေတဲ့ စစ်ဝါဒီကြီးတွေက အခြားသော လူမျိုးစုများနဲ့ ပြည်သူလူထုတရပ်လုံးရဲ့ မွေးရာပါအခွင့်အရေးတွေကို ဂရုမစိုက်ဘဲ လစ်လျူရှူနေတဲ့အပြင် အာဏာတည်မြဲရေးအတွက်သာ ရှေးရူပြီး တခြားသော လူမျိုးစုများနဲ့ ပြည်သူလူထုရဲ့ မွေးရာပါအခွင့်အရေးများကို မတရားတဲ့ နိုင်ငံရေးစနစ်နဲ့ စစ်ရေးအရ ဖိအားပေးတိုက်ဖျက်နေခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနဲ့ တခြားသော လူမျိုးများဖြင့် ဖွဲ့စည်းထားတဲ့ ခုခံတော်လှန်ရေး အဖွဲ့အစည်းများက လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ နည်းလမ်းတွေအပြင် နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းဆိုင်ရာ နည်းလမ်းတွေနဲ့လည်း ကြိုးပမ်းအားထုတ်ခဲ့ကြပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး မှတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာခဲ့ကြတယ်လို့ ကေအဲန်ယူက ဆိုပါတယ်။
 
ဒါပေမယ့် အုပ်ချုပ်သူ အာဏာသိမ်းစစ်အုပ်စုက လူမျိုးစုများနဲ့ ပြည်သူလူထုကြီးတရပ်လုံးက လိုလားတောင်းတနေတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် စိတ်ဆန္ဒကင်းမဲ့နေပြီး နောက်ထပ်တဖန် အတင်းအဓမ္မ အာဏာသိမ်းယူခဲ့တာကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်အတွက် အဖြေရှာမယ့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းသည်လည်း လမ်းစ ပျောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာလည်း ကရင်အမျိုးသားများရဲ့ လက်နက်ကိုင်ခုခံတော်လှန်ရေးက မတရားမှုတွေကို ခုခံကာကွယ်တော်လှန်ပြီး တရားတဲ့စနစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေရခြင်းဖြစ်ပြီး မတူကွဲပြားမှုတွေ သိရှိနားလည်ခြင်း၊ လေးစားခြင်းနဲ့ အသိအမှတ်ပြုခြင်းမရှိတဲ့ ပြဿနာတွေကြောင့် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာပြဿနာတွေအပြင် လူမျိုးတမျိုးနဲ့တမျိုးကြား မတရားမှုတွေကို ဖြစ်ပေါ်စေတဲ့ အဓိက အခြေခံအကြောင်းတရားများကြောင့် တခြားသောလူမျိုးများနဲ့ အုပ်ချုပ်သူတွေအကြား ပဋိပက္ခနဲ့ စစ်ပွဲတွေ ယနေ့ထက်ထိတိုင် ဖြစ်ပွားနေရတာဖြစ်တယ်လို့ ကေအဲန်ယူ ဥက္ကဌက ဆိုထားပါတယ်။
 
ဒီလိုမျိုး ကရင်အမျိုးသားများ ခုခံတော်လှန်နေကြတဲ့ နိုင်ငံရေးဆိုင်ရာ ကြိုးပမ်းမှုတွေမှာ အနာဂတ်စိန်ခေါ်ချက်များစွာ ရှိနေပြီး ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို အခြေခံတဲ့ မိမိတို့အမျိုးသားများရဲ့ လိုလားချက်တွေဖြစ်တဲ့ တန်းတူရေးနဲ့ မိမိကံကြမ္မာကို ကိုယ်တိုင်ဆုံးဖြတ်ပြီး အကောင်အထည်ဖော်ဆောင်နိုင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ မရှိသေးသလို အလျော့ပေးလို့လည်း မရသေးကြောင်း ဖော်ပြထားပါတယ်။
 
ဒါကြောင့် မိမိတို့အမျိုးသားများနဲ့ ပြည်သူလူထုများကို မတရားမှုများမှ ကာကွယ်ခွင့်နဲ့ ခုခံတော်လှန်ပိုင်ခွင့် အခွင့်အရေးတွေလည်း အပြည့်အဝရှိနေသလို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့က မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရန် ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့ နည်းတူ တာဝန်နဲ့ ဝတ္တရားများကို အကောင်အထည်ဖော်ဆောင်နိုင်ရန် တာဝန်ရှိခေါင်းဆောင်များ၊ မျိုးချစ် ခုခံတော်လှန်ရေးခေါင်းဆောင်များအပြင် ကရင်အမျိုးသားထုကြီး တရပ်လုံးအနေနဲ့ မိမိကိုယ်မိမိ လွတ်လပ်ပြီး ဖိနှိပ်ခြင်းမှ လွတ်မြောက်ကာ အခြားလူမျိုးများနဲ့နည်းတူ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတတ်ရမယ်လို့ ခံယူလျက် ကြိုးပမ်းလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ ကေအဲန်ယူ ဥက္ကဌက တိုက်တွန်းပြောဆိုထားပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း ကရင်အမျိုးသားအစည်းအရုံး ကေအဲန်ယူအနေနဲ့ ဒီမိုကရေစီကိုလိုလားတဲ့ ပြည်သူတွေနဲ့အတူ ရပ်တည်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုအနေနဲ့ အစောဆုံး စစ်ကောင်စီတပ်ကို ခုခံတော်လှန် တိုက်ခိုက်ခဲ့ပါတယ်။
 
လက်ရှိမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တို့အကြား နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေပြီး ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲကြီးငယ်ပေါင်း (၂၄၉၅)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ခြောက်လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အရာရှိတချို့အပါအဝင် ၂၆၃၂ ဦးသေဆုံးကာ ၁၆၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို KNLA ၊ KNDO လက်အောက်မှာရှိတဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၇၆ ဦးကျဆုံးကာ ၂၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
 
ဓာတ်ပုံ – KNU