အလုပ်သမားတွေကို ဖမ်းဆီးမှုနဲ့ပတ်သက်လို့ စစ်ကောင်စီလိမ်လည် ဖြေရှင်းနေတယ်လို့ ဝေဖန်ခံရ

ဇူလိုင်၊ ၁၅

ရန်ကုန်မြို့တွင်းစက်ရုံတချို့ကအလုပ်သမားသမဂ္ဂဝင်တွေနဲ့အလုပ်သမားတချို့ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စစီဟာ ဝေဖန်မှုတွေကို လက်မခံသလို လိမ်လည်ဖြေရှင်းတာမျိုးအထိလုပ်နေတယ်လို့ အလုပ်သမား အသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။

 “လုပ်ငန်းခွင်ပြသနာကို ဝင်ပါပြီး အလုပ်သမားတွေကိုဖမ်းဆီးတာသိသာထင်ရှားနေတာကို သူတို့အကျင့်အတိုင်း ဝန်မခံရဲတော့ အကြောင်းရှာလိမ်တာလို့ဘဲပြောချင်တယ်၊အလုပ်သမားတွေက လုပ်ငန်းခွင်ပြင်ပနိုင်ငံရေးတောင်း ဆိုချက်တွေလုပ်တာမဟုတ်ဘူးလေ”လို့ အလုပ်သမားသမဂ္ဂ​ခေါင်းဆောင်တဦးကပြောပါတယ်။

 အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)ရန်ကုန်ရုံးရဲ့​ဖေ့ဘွက်ခ်လူမှုကွန်ရက်က​နေရန်ကုန်မြို့ရှိ အထည် ချုပ်စက်ရုံအချို့က အလုပ်သမားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ အလုပ် သမားတွေဟာ လုပ်ခလစာတိုးမြှင့်ပေးဖို့ တောင်းဆို တာကြောင့် ဖမ်းဆီးခံရတယ်လို့ထုတ်ပြန်ထားတာဟာ မမှန်ကန်ဘူးလို့ စစ်ကောင်စီရဲ့အလုပ်သမားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

 ဒါ့အပြင် ILO ရန်ကုန်ရုံးအနေနဲ့နောင်ထုတ်ပြန်ချက်တွေ ဆောင်ရွက်ရာမှာ အကြောင်းခြင်းရာမှန်ကန်မှုရှိစေ​ရေး အထူးဂရုစိုက် ထုတ်ပြန်ဖို့သတိပေး အကြောင်းကြားခဲ့တယ်လို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်(မြန်မာ)အထည်ချုပ်စက်ရုံက အလုပ်သမားသမဂ္ဂဝင် ငါးဦး၊ လှိုင်သာ ယာ မြို့နယ်ရှိ Sun Apparel Myanmar အထည်ချုပ်စက်ရုံကအလုပ်သမား နှစ်ဦးနဲ့ အလုပ်သမားအရေးကူညီ ပေးနေ တဲ့ Action Labor Rightsအဖွဲ့က နှစ်ဦးတို့ကို စစ်ကောင်စီက ဇွန်လလယ်ပိုင်းမှာဖမ်းဆီးခဲ့ပါတယ်။

 အဲ့ဒီအလုပ်သမားတွေဟာ သက်ဆိုင်ရာ စက်ရုံတွေမှာ လုပ်ခလစာတိုးပေးရေးတောင်းဆိုရာမှာ ပါဝင်ခဲ့ကြပြီး  နောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနကတော့ တခြားအကြောင်း တွေကြောင့် ဖမ်းဆီးစစ်ဆေးနေတာလို့ဆိုပြီး ဘာကြောင့်ဆိုတာကိုတော့ရှင်းရှင်းလင်းလင်းဖော်ပြ ထားခြင်းမရှိ ပါဘူး။

 အဲ့ဒီအလုပ်သမားတွေကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ကနဦး သတင်းထုတ်ပြန်ချက်တွေ မှာတော့ တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေဖို့နဲ့ အစိုးရယန္တရားပျက်ပြားစေဖို့ရည်ရွယ်ပြီး စက်ရုံ၊အလုပ်ရုံ တွေ မှာအလုပ်သမားတွေစုဝေးဆန္ဒပြမှုဖြစ်အောင်လှုံ့ဆော်ခဲ့တယ်လို့ စွပ်စွဲဖော်ပြခဲ့ပါတယ်။

 ဖမ်းဆီးခံထားရတဲ့စက်ရုံနှစ်ရုံကအလုပ်သမားခုနှစ်ဦးနဲ့အလုပ်သမားအရေးကူညီသူ သုံးဦးတို့ကို စက်ရုံ၊အလုပ်ရုံ တွေမှာဆူပူဆန္ဒပြမူဖြစ်အောင်သွေးထိုးလှုံ့ဆော်ခဲ့တာကြောင့် ထိရောက်စွာအရေးယူဆောင်ရွက်နိုင် ရေးဆောင် ရွက်နေတယ်လို့ စစ်ကောင်စီက ဇွန်၂၈ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ လွတ်လပ်စွာအသင်း၊အပင်းဖွဲ့စည်းခွင့်နဲ့စည်းရုံးတောင်းဆိုခွင့်ဆိုတဲ့ ပြ ဌာန်းချက်အမှတ် ၈၇ကို ချိုးဖောက်နေတယ်လို့ စွတ်စွဲခံထားရတဲ့အတွက် ILOကအထူးစုံစမ်းစစ်ရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေချိန်မှာပဲ အလုပ်သမားသမဂ္ဂဝင်တွေဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

 စစ်ကောင်စီဟာ အလုပ်သမားခေါင်းဆောင်တွေ၊သမဂ္ဂဝင်တွေနဲ့အလုပ်သမားတွေကို အဲ့ဒီလိုဖမ်းဆီးမှု တွေဆက် တိုက် လုပ်နေပေမယ့်တဖက်မှာလည်း သူတို့ဟာ ILOပြဌာန်းချက်တွေကို လိုက်နာနေကြောင်းပြသလိုတာကြောင့် အခုလို ပြောင်ပြောင်တင်းတင်းလိမ်လည်မှုတွေကျုးလွန်နေတာလို့ အလုပ်သမားအဖွဲ့တွေကဝေဖန်ကြပါတယ်။

 စစ်အာဏာသိမ်းကာလမှာ အလုပ်သမားအဖွဲ့ချုပ်၊အလုပ်သမားသမဂ္ဂဝင်တွေနဲ့ အလုပ်သမားအရေးလူပ်ရှားသူ နှစ်ရာထက်မနည်းကို စစ်ကောင်စီကဖမ်းဆီးထောင်ချထားသလို ဝရမ်းထုတ်ပြီး ဖမ်းဆီးဖို့ကြိုးစားခံနေရသူတွေ လည်း ရှိနေတယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေသူတွေကပြောပါတယ်။

 “အလုပ်သမားတွေနဲ့ပတ်သက်လို့ နိုင်ငံတကာစည်ကမ်း၊စံတွေရှိတယ်၊ဒါကိုတောင် သတိမမူနိုင်ဘဲချိုးဖောက်မှု တွေပြောင်ပြောင်တင်းတင်းလုပ်လာတာ၊နိုင်ငံတကာအလုပ်သမားအဖွဲ့တွေအနေနဲ့စကစရဲ့လုပ်ရပ်ကိုမျက်ကွယ်ပြုနေမယ်မထင်ဘူး”လို့ အလုပ်သမား လှုပ်ရှားနေသူတဦးကပြောပါတယ်။