ဇူလိုင်၊ ၁၅
ရှမ်းပြည်နယ်၊လားရှိုးမြို့၊မြို့မဈေးကြီးအတွင်းက ဇွဲထက် ရွှေဆိုင်မှာဒီကနေ့ မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့လို့ ဆိုင်ထဲမှာရှိနေတဲ့ ဝန်ထမ်း ၁၂ဦးထက်မ နည်း ထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ ဖြစ်စဉ်ကိုကူ ညီပေးနေတဲ့ မြို့ခံ ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။
ပေါက်ကွဲမှုကြောင့်ထိခိုက်ဒဏ်ရာရသူတွေထဲက အ မျိုးသားနှစ်ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သူကပြောပါတယ်။
“ဝန်ထမ်းတွေ ဆိုင်ဖွင့်ဖို့ လူစုနေချိန်ပေါက်ကွဲမှုဖြစ်တာပါ ၊ကျွန်တော်တို့အဖွဲ့ကလည်း ဆေးရုံကြီးမှာ သန့်ရှင်းရေးလုပ်နေချိန် ပေါက်ကွဲသံကြားရတာ၊အရေးပေါ်လူနာ နှစ်ယောက်ကို သူတို့ဆိုင်က ကားနဲ့ပဲပို့လိုက်တယ်၊ကျန်တဲ့ လူနာတွေကို မြို့ခံပရဟိတအသင်းတွေပူးပေါင်းပြီး ဆေးရုံကြီးပို့ပေးခဲ့တယ်၊အခုချိန်ထိ သွေးရှာနေရတယ်ဗျ၊ဒဏ်ရာရရှိသူတွေက သွေးလိုအပ်ချက်ရှိတယ်၊နှစ်ယောက်ကတော့ ခွဲခန်းထဲမှာ အရေးပေါ်အခြေအနေနဲ့ကုသနေရတယ်” လို့ မြို့ခံ ကယ်ဆယ်ရေး အဖွဲ့ဝင် တဦးက DNA ကို ပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘာကြောင့်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပေမယ့် ဒေသခံတွေကတော့ လူအသွားအလာရှင်းနေချိန် ရွှေဆိုင်ထဲကနေပေါက်ကွဲတာကြောင့် အဝေးထိန်းမိုင်းပေါက်ကွဲမှုလို့ယူဆနေကြပါတယ်။
ပေါက်ကွဲမှုကြောင့် ရွှေဆိုင်က ဝန်ထမ်းအမျိုးသားခြောက်ဦးနဲ့ အမျိုးသမီးခြောက်ဦး ထိခိုက်ဒဏ်ရာတွေရခဲ့ကြပြီး ဒဏ်ရာပြင်းထန်တဲ့အမျိုးသားနှစ်ဦးကတော့အရေးပေါ်ခွဲစိတ်ကုသနေရတယ်လို့သိရပါတယ်။
ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ လားရှို့မြို့ကဇွဲထက် ရွှေဆိုင်ပိုင်ရှင်ဟာ စစ်မှုထမ်းဟောင်းတဦးဖြစ်သလို စစ်ကောင်စီတိုင်းမှူးနဲ့ ရင်းနီးတဲ့ ဆက်ဆံရေးရှိပြီး လား ရှိုးမြို့နယ် အတွင်းက အခမ်းအနားတွေမှာတိုင်းမှူးနဲ့ အတူတက်ရောက်တာတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။
“ပိုင်ရှင်က ဇွဲထက် ရွှေဆိုင်ကြီး လက်ခွဲဆိုင်ပါ၊(စစ် တပ်က)အငြိမ်းစားယူထားတာတော့ကြာပြီ၊တိုင်းမှုးနဲ့အတော်ရင်းနှီးတယ်၊မြို့မှာ စစ်ကောင်စီကလုပ်တဲ့ပွဲတွေဆို အတူတူ တက်ကြတာ၊သူ့ကိုအမြင်ကပ်လို့လုပ်တယ်ပဲထင်တယ်၊ဘယ်အဖွဲ့ကလုပ်တာလဲတော့ မသိဘူး၊ပိုင်ရှင်ကို လုပ်တယ်ဆိုပေမယ့် တကယ်ထိတော့ အလုပ်သမားတွေပဲထိတာ”လို့မြို့ခံ တဦးကပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီ လက် အောက်ခံတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ဈေးအတွင်းအပြင် ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။
Photo CJ