ဝက်လက်မြို့ ကျေးရွာနှစ်ရွာက အိမ်ခြေနှစ်ရာနီးပါးမီးရှို့ ခံရပြီး အငြိမ်းစား ကျောင်းဆရာတဦး သေဆုံး

ဇူလိုင်၊ ၁၄
 
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တောင်ဘက်ရှိ သုံးဆင့်ကန်ရွာ နဲ့ ပေါက်ကန်ရွာ ကို စစ်ကောင်စီတပ်က မီးရှို့ပြီး သုံးဆင့်ကန်ရွာမှ အမျိုးသားတဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Wetlet Information Network တာဝန်ရှိသူတဦးက ဆိုပါတယ်။
 
“ သုံးဆင့်ကန်မှာ ညအိပ်တပ်စွဲပြီး မနက်စစ်ကြောင်းထွက်ချိန် ရွာကို မီးရှို့ခဲ့တာပါ။ စစ်ကြောင်းလာချိန် မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အငြိမ်းကျောင်းဆရာကို မီးရှို့သတ်ခဲ့တာ။ စစ်ကောင်စီ ပြန်ထွက်ချိန် အလောင်းကို တွေ့တာ “ လို့ အဲဒီတာဝန်ရှိသူက ဆိုပါတယ်။
 
သေဆုံးခဲ့သူဟာ သုံးဆင့်ကန်ရွာက အသက် ၆၂ နှစ်အရွယ် ဦးခင်မောင်ဌေး ဖြစ်ပြီး အငြိမ်းစား ကျောင်းဆရာတဦး ဖြစ်ကာ ဇူလိုင်လ ၁၂ ရက်က သာလိုင်းရွာက အမျိုးသားတဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ပြီးနောက် ဒုတိယမြောက် သေဆုံးသူ ဖြစ်ပါတယ်။
 
အင်အား ခုနှစ်ဆယ်ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၁၂ ရက်မှာ ဝက်လက်မြို့နယ်က မီးရထားသံလမ်း တလျှောက် စစ်ကြောင်းထိုးခဲ့ကာ သာလိုင်းရွာက အသက် ခြောက်ဆယ်အရွယ် အမျိုးသားတဦးကို သတ်ဖြတ်ခဲ့ပြီး သုံးဆင့်ကံရွာမှာ ညအိပ်တပ်ဆွဲခဲ့တယ်လို့ သိရပါတယ်။
 
အဲဒီစစ်ကြောင်းဟာ စစ်ကြောင်းထွက်ချိန် ဇူလိုင်လ ၁၃ ရက် မနေ့ကမနက် ၆ နာရီခန့်မှာ သုံး ဆင့်ကန်ရွာရှိ အမျိုးသားတဦးကို ထပ်မံ မီးရှို့သတ်ဖြတ်ခဲ့သလို အိမ်ခြေ ၁၈၀ ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
သုံးဆင့်ကန်ရွာကိုမီးရှို့ဖျက်ဆီးပြီးနောက် အဆိုပါစစ်ကြောင်းဟာ ရွာနဲ့ နှစ်မိုင်လောက်ဝေးတဲ့ ပေါက်ကန်ရွာ ထဲကို မနေ့က မနက် ၁၀ နာရီခန့်မှာ စစ်ကြောင်းထိုးပြီး အိမ်ခြေ ၁၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Wetlet Information Network တာဝန်ရှိသူက ပြောပါတယ်။
 
အခုလို စစ်ကောင်စီ တပ်က သာလိုင်း၊ သုံးဆင့်ကံ ၊ ပေါက်ကန်၊ ထန်းကြီး ရွာတွေကို စစ်ကြောင်းထိုး မီးရှို့နေတာကြောင့် ဝက်လက်နယ် တောင်ခြမ်း မီးရထားသံလမ်း တစ်လျှောက် ဒေသခံထောင်ချီ စစ်ရှောင်ခဲ့ရပေမယ့် ဒီမနက်မှာတော့ ရွာထဲပြန်ဝင်နေကြပြီလို့ သိရပါတယ်။
 
လက်ရှိမှာ အဆိုပါစစ်ကြောင်းဟာ ပဒူရွာကို မီးရှို့နေပြီး မီးလောင်တဲ့ အိမ်ခြေအရေအတွက်နဲ့ အရပ်သားထိခိုက်မှု ရှိ၊ မရှိ စတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
 
ဓာတ်ပုံ – Wetlet Information Network