မုန်တိုင်းသင့်ရခိုင် ပြန်လည်ထူထောင်နိုင်နေပြီ၊ လျှပ်စစ်မီးတွေရနေပြီဆိုတဲ့ စစ်ခေါင်းဆောင်ပြောဆိုချက် မြေပြင်နဲ့ကွဲလွဲနေတယ်လို့ ဒေသခံတွေ ဝေဖန်

ဇူလိုင်၊ ၁၄
 
အင်အားအလွန်ပြင်းတဲ့ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ရခိုင်မှာ မုန်တိုင်းအပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ အတိုင်းအတာတစ်ခုအထိ တိုးတက်မှုရှိတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇူလိုင် ၁၁ ရက်နေ့ သူ့ခရီးစဉ်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
 
စစ်ခေါင်းဆောင်ရဲ့ပြောဆိုချက် မြေပြင်နဲ့ လွန်စွာကွဲလွဲနေပြီး မုန်တိုင်းသင့်ပြည်သူ အားလုံးနီးပါးဟာ အမိုးအကာအောက်ကို မရောက်ကြသေးသလို စားနှပ်ရိက္ခာ လိုအပ်ချက်တွေလည်း အများကြီး ရှိနေသေးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
မုန်တိုင်းအပြီး နှစ်လအကြာမှာ ရခိုင်ကို ရောက်လာတဲ့ စစ်ခေါင်းဆောင်ဟာ ပြည်နယ်စစ်ကောင်စီ တာဝန်ရှိသူတွေ၊ စစ်ကောင်စီ တပ်သားတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံနေပြီး မုန်တိုင်းအလွန် နှစ်လတာ ကာလအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အတိုင်းအတာတခုအထိ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါဟာ လက်တွေ့နဲ့ လွန်စွာကင်းကွာနေတယ်လို့ မုန်တိုင်းသင့်ပြည်သူတွေကို ကွင်းဆင်းကူညီပေးနေသူတဦးက ပြောပါတယ်။
 
“ မြေပြင်မှာ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ထိရောက်တယ်ဆိုတာ မဟုတ်ဘူးခင်ဗျ။ တကယ်တမ်း မြေပြင်ကို ကွင်းဆင်းပြီး လေ့လာကြည့်ရင် သိပါတယ်။ သူတို့ အုပ်ချုပ်ရေး ယန္တရားအောက်မှာ ရှိနေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တွေကို လှမ်းမေးရင်တောင် သိပါတယ်။ ရွာတိုင်းလိုလို အတိဒုက္ခရောက်နေကြရတာ။ နောက်ပြီးတော့ ပြည်သူတွေ အမိုးအကာအောက်ကို ရောက်ပြီလားဆိုရင် မရောက်သေးဘူး။ အခု ၂၀ ရာခိုင်နှုန်းလောက် အမိုးအကာအောက်ကို ရောက်တယ်ဆိုတာလည်း ကိုယ်ထူကိုယ်ထနဲ့ ကိုယ်ဟာကိုယ် ရပ်တည်နေကြတဲ့ဟာတွေ ရှိတယ်။ ကိုယ်ထူကိုယ်ထလုပ်တာတောင် ၂၀ ရာခိုင်နှုန်းလောက်ပဲ အမိုးအကာအောက် ရောက်ပါသေးတယ်။ ကျန်တဲ့ လိုအပ်ချက်တွေ အများကြီးပါ ” လို့ မြေပြင်မှာ ကူညီမှုတွေ လုပ်ဆောင်ပေးသူတဦးက DNA ကိုပြောပါတယ်။
 
မုန်တိုင်းသင့်ပြည်သူတွေဟာ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေ ဖြစ်သလို ယာယီနေလို့ အဆင်ပြေအောင် ကိုယ်ထူကိုယ်ထ ပြုပြင်နေထိုင်နေကြရပြီး ၈၀ ရာခိုင်နှုန်းလောက်ဟာ အမိုးအကာအောက်ကို မရောက်ကြသေးဘူးလို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောဆိုကြပါတယ်။
 
ဒါ့အပြင် စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာလည်း ရခိုင်ပြည်နယ် မြို့နယ်အားလုံး လျှပ်စစ်မီး ရရှိနေပြီဆိုပြီး ဖော်ပြနေတာတွေကလည်း မြေပြင်နဲ့ ကွဲလွဲနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
 
” မြို့ပေါ်မှာတောင် ရပ်ကွက်အစုံ မီးမလာသေးဘူး။ လာတဲ့နေရာတွေလည်း ပြန်ပျက်နေတယ်။ နယ်တွေရွာတွေဘက်ဆို တိုင်တောင် ပြန်မစိုက်နိုင်သေးဘူး ” လို့ ဒေသခံတဦးက ပြောဆိုပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ဆန် အနည်းငယ်၊ ဆီ အနည်းငယ်ကိုသာ ထောက်ပံ့ပေးထားသေးပြီး အဲဒီအထောက်အပံ့တွေဟာလည်း အကုန်မရကြဘူးလို့ ဆိုကြပါတယ်။
 
“ ကျွန်တော်တို့ စခန်းမှာတော့ စစ်ကောင်စီက ကူညီပေးတာ မရှိဘူး။ စစ်ကောင်စီက အကူအညီလည်း မပေးဘူး။ ကျွန်တော်တို့မှာ အခုထိ အိမ်မဆောက်ရသေးဘူး။ စခန်းမှာ ပြိုပျက်နေတာက များနေတယ်။ ကိုယ်ဟာကိုယ် တဲကုတ်ကလေး ဆောက်ပြီး နေတယ်။ မိုးကြီးရင် မိုးမလုံ၊ လေမလုံ ဖြစ်နေတယ်။ အစိုးရကတော့ ဘာမှလုပ်ပေးတာ မရှိဘူးခင်ဗျ။ ရိက္ခာပေးတာလည်း မရှိဘူး။ အမိုးအကာအောက်ကို မရောက်တာလည်း အများကြီး ကျန်သေးတယ် ” လို့ ပုဏ္ဏာကျွန်းမြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည်တဦးက ပြောပါတယ်။
 
မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့ နေအိမ်တွေကို ပြုပြင်ဖို့ ငွေကြေးမတတ်နိုင်သေးတဲ့အတွက် ကျန်နေခဲ့တဲ့ အိမ်တွေမှာ စုပေါင်း၊ ခိုကပ်ပြီး နေနေကြရတယ်လို့လည်း စစ်ဘေးရှောင်ဒုက္ခသည်တွေက ပြောကြပါတယ်။
 
စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်းက မုန်တိုင်းဒဏ်သင့်ပြည်သူတွေကို ထိရောက်တဲ့အကူအညီတွေ မပေးသလို အကူအညီပေးလိုတဲ့ ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ပြည်တွင်းကူညီရေးအဖွဲ့တွေကိုလည်း ကန့်သတ်၊ ပိတ်ပင်မှုတွေ ပြုလုပ်နေပြီး လက်ရှိအချိန်အထိ ခရီးသွားလာခွင့်တွေ ကန့်သတ်ခံနေရဆဲဖြစ်တယ်လို့ ကူညီရေးအဖွဲ့တွေက ပြောဆိုထားကြပါတယ်။
 
စစ်ကောင်စီအနေနဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ နိုင်ငံတကာကူညီရေးအဖွဲ့တွေကို လွတ်လပ်စွာ ကူညီခွင့်ပေးဖို့ လိုတယ်လို့လည်း ကူညီပေးနေသူတွေက ထောက်ပြတောင်းဆိုကြပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ရခိုင်မှာ နေအိမ်ပေါင်း (၂၈၈၅၃၀) ပျက်စီးခဲ့ပြီး မုန်တိုင်းဒဏ်သင့် ထိခိုက်သူပေါင်း (၁၅၄၇၇၆၁)ဦး ရှိကာ မုန်တိုင်းသင့်လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဟာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ရခိုင့်တပ်တော် (AA)က ထုတ်ပြန်ထားပါတယ်။ 
ဓာတ်ပုံ – Social Media