အကျိုးစီးပွားအပေါ် အခြေခံတဲ့ ကြားဝင်စေ့စပ်မှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ GSCB ပြော

ဇူလိုင်၊ ၁၃
 
တော်လှန်ရေးအတွက် အပြုဘောမဆောင်တဲ့အပြင် အကျိုးစီးပွားအပေါ် အခြေခံတဲ့ ကူညီမှုအမည်ခံ စွက်ဖက်မှုနဲ့ ကြားဝင်စေ့စပ်မှုတွေကို လက်ခံမှာမဟုတ်ဘူးလို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) က ထုတ်ပြန်လိုက်ပါတယ်။
 
ထိုင်း နိုင်ငံခြားရေးဝန်ကြီး က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြောဆိုခဲ့ပြီး နောက်ဆက်တွဲ ဂယက်ရိုက်ခတ်မှုတွေ ရှိနေချိန်မှာ GSCB က အခုလိုထုတ်ပြန်လာတာပါ။
 
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက သူနဲ့တွေ့ဆုံချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးကို လိုလားကြောင်း ပြောခဲ့တယ်လို့ ဆိုထားပါတယ်။
 
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဖြန့်ဝေခဲ့တဲ့ သတင်းစကားဟာ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ စစ်အုပ်စုနဲ့ အပေါင်းအပါတစုရဲ့ နိုင်ငံရေးအရ အလွဲသုံးစားပြုမှု၊ မြန်မာလူထုနဲ့ အာာဆီယံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအပေါ် မထီမဲ့မြင်ပြုမှု အဖြစ်သာ မှတ်ယူတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
စစ်ကောင်စီဟာ တခြားသံတမန်တွေကို ကျော်လွန်ပြီး နိုင်ငံရေး၊ သံတမန်ရေး အရ တာဝန်မရှိတဲ့ ပုဂ္ဂိုလ်တဦးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးခဲ့တယ်လို့ ဆိုကာ လှုပ်ခတ်စေဖို့ ကြိုးစားတာဟာ နိုင်ငံရေးအရ အမြတ်ထုတ် လိမ်ညာလှည့်ဖြားတာသာ ဖြစ်တယ်လို့လည်း ဝေဖန်ထားပါတယ်။
 
“ တော်တော်လေး သံသယဖြစ်စရာ ကောင်းတဲ့ စစ်ကောင်စီရဲ့လှုပ်ရှားမှုလို့ မြင်တယ်၊ ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေ ဝေဝါးမှုမရှိအောင် အဓိက ရည်ရွယ်ပါတယ် “ လို့ GSCB ရဲ့ အထွေထွေလုပ်ငန်းကော်မတီဝင် ဒေါက်တာလွမ်းဝေ က DNA ကိုပြောပါတယ်။
 
အခုလိုလုပ်ရပ်ဟာ အာဆီယံနဲ့ တည်ရှိမှုနဲ့ တောင်းဆိုမှုတွေကို မထီမဲ့မြင်ပြုတဲ့ သဘောဖြစ်ပြီး အာဆီယံရဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုတွေ အလုပ်မဖြစ်ကြောင်း သက်သေတခုဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။
 
စစ်အုပ်စုက အာဏာလုယူပြီး ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာဟာ လက်ရှိအခြေအနေတွေရဲ့ မူလရင်းမြစ်ဖြစ်ပြီး အဲ့ဒီအရင်းအမြစ်ကို ဖြေရှင်းဖို့မကြိုးစားဘဲ ဆွေးနွေးရေးလမ်းကြောင်းပေါ် အတင်းတွန်းတင်မှု မှန်သမျှကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့ GSCB ကပြောပါတယ်။
 
ဒါ့အပြင် လက်ရှိနွေဦးတော်လှန်ရေးဟာ လူတန်းစား၊ လူမျိုးစု၊ အင်အားစု အသီးသီး ပါဝင်နေတဲ့အတွက် လူပုဂ္ဂိုလ် တဦး တယောက်၊ တစုတဖွဲ့နဲ့ အင်အားစုတခုရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်တဲ့ အခြေအနေ မရှိဘူးလို့လည်း ဆိုပါတယ်။
 
“ ကျွန်တော်တို့ လက်ရှိသွားနေတာက တဦးတယောက်ရဲ့ ဦးဆောင်မှု တစုတဖွဲ့ရဲ့ ဦးဆောင်မှု တနည်းအားဖြင့် ပြောရင် ပါတီတခုရဲ့ ဦးဆောင်မှုနဲ့ သွားနေတာမဟုတ်ဘူး၊ စနစ်ကို ပြောင်းဖို့အတွက် လူထုတရပ်လုံးက လက်တွဲညီညီ ချီတက်နေတာလို့ ယုံကြည်တယ်၊ အဲဒီအတိုင်းပဲ ရောက်အောင်သွားမှာပေါ့ “ လို့ ဒေါက်တာလွမ်းဝေ က ပြောပါတယ်။
 
အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုဟာ အာဏာသိမ်းစ ကာလတွေကတည်းက စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး လူထုပိတ်လှုပ်ရှားမှုတွေကို ပုံဖော်နေခဲ့တဲ့ သပိတ်အင်အားစုတခု ဖြစ်ပါတယ်။
 
GSCB ရဲ့စုဖွဲ့မှုထဲမှာ နိုင်ငံတဝန်းက သပိတ်ကော်မတီပေါင်း ၄၃ ဖွဲ့ အဆင့်ဆင့်ပါဝင်ဖွဲ့စည်းထားပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ကျဆုံးရေး၊ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ချွင်းချက်မရှိ ဖျက်သိမ်းရေး၊ နိုင်ငံရေးခေါင်းဆောင်တွေ အပါအဝင် မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကို ချက်ချင်းလွှတ်ပေးရေး စတဲ့မူဝါဒလေးချက်ကို ကိုင်စွဲပြီး တော်လှန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
 
“ GSCB မှာ ကျွန်တော်တို့ ထုတ်ပြန်ထားတာ ရှိတယ်၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိပေါ့၊ ဒီနေရာမှာ တချို့ကလည်း နားလည်မှု လွဲကြတယ်၊ ကျွန်တော်တို့က စစ်ကောင်စီ ကျူးလွန်းထားတဲ့ ရာဇဝတ်မှုတွေ မှန်သမျှကို တာဝန်ယူမှု တာဝန်ခံမှုရှိပြီးမှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီကို ရမယ်လို့ ယုံကြည်တယ်၊ နိုင်ငံတကာနဲ့ တော်လှန်ရေး အင်အားစုတွေကြား ဝေဝါးမှုမရှိအောင် ရှင်းလင်းစေချင်တယ် ” လို့ GSCB ရဲ့ အထွေထွေလုပ်ငန်းကော်မတီဝင် ဒေါက်တာ လွမ်းဝေက ပြောပါတယ်။
 
နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနဲ့ သံတမန်ရေး စတဲ့ အဖက်ဖက်မှာ ကျဆုံးနေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးသပ်လျှို သွေးခွဲမှုတွေကို ပိုမိုလုပ်ဆောင်လာမှာဖြစ်လို့ မျက်ခြေမပြတ်စောင့်ကြည့်ပြီး သတိကြီးကြီးထားဖို့ လိုတယ်လို့ GSCB က သတိပေးဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Social Media