ဇူလိုင် ၊ ၁၃
တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးမှာ ဇူလိုင်လ ၁၂ ရက်၊ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးလိုက်ပါလာတဲ့ ကားတစီးကို တိုက်ခိုက်ခဲ့ပြီး အရာခံဗိုလ်တဦးအပါအဝင် သုံးဦးသေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF က သတင်းထုတ်ပြန်ပါတယ်။
ထားဝယ်မြို့နဲ့ တမိုင်ကျော်လောက်သာဝေးတဲ့ ဇဟာကျေးရွာအနီး ရန်ကုန်–ထားဝယ် ကားလမ်းမကြီးပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်မိနစ်ကျော်လောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“သူတို့ ကားမောင်းတဲ့တယောက်ထိသွားပြီး ကားက လမ်းဘေးထိုးကျသွားတယ်၊ ကျနော်တို့ ဝင်ပစ်တာက အနီးကပ်ပဲ၊ သူတို့ဘက်က တယောက်ပြန်ပစ်သေးတယ်၊ ကျနော်တို့ဘက်ကတော့ မထိဘူး” လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
တိုက်ပွဲရုပ်သံမှတ်တမ်းတခုထဲမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ငါးဦး လမ်းပေါ်သွားနေတဲ့ စစ်ကောင်စီတပ်ကားကို နှစ်ကိုက်လောက်အကွာကနေ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကား လမ်းဘေးထိုးကျသွားတာကို တွေ့ရပါတယ်။
အခုလို တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဇဟာရွာအခြေစိုက် စစ်ကောင်စီ အမြောက်တပ် အမတ ၃၀၂ က တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အရာခံဗိုလ်တဦးအပါအဝင် သုံးဦးသေဆုံးကာ နှစ်ဦးကို ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။
“အခုပစ်တဲ့နေရာက သူတို့တပ်ရင်နဲ့ နီးနီးလေးပဲ၊ သူတို့ဘက်က လယ်ကွင်းတွေဖြတ်ပြီး ပြေးလာရင် သုံးမိနစ်တောင် မပြည့်ဘူး၊ ကျနော်တို့ ပစ်လို့မပြီးသေးဘူး သူတို့ ထွက်လာနေကြပြီ၊ ကျွန်တော်တို့ ပြန်ဆုတ်သွားတော့ သူတို့ ပစ်ပြီး စစ်ကူလာနေတာကိုတောင် တွေ့လိုက်တယ်။ အဲကြောင့် လက်နက်ဝင်လုဖို့ကို အခွင့်မသာလိုက်ဘူး” လို့ DGRF တာဝန်ရှိသူတဦးက ပြောပါတယ်။
အဲဒီနောက် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အနီးအနားက ထန်းရည်ဆိုင်တဆိုင်ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး လူငယ်နှစ်ဦးကိုလည်း ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့လည်း ဆက်သိရပါတယ်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ လူငယ်နှစ်ဦးက ဘယ်သူတွေလဲဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။လမ်းဘေးထိုးကျသွားတဲ့ စစ်ကောင်စီတပ်ကားကိုတော့ ညနေ ၅ နာရီလောက်မှာ ကရိန်းနဲ့ဆယ်ယူပြီး စစ်ကောင်စီတပ်ဘက်က ပြန်ယူသွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း အဲဒီအမြောက်တပ် အမတ ၃၀၂ တပ်ရင်းက ဗိုလ်ကြီးမျိုးလင်းဦးကို ဇဟာကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။