ဇူလိုင် ၊ ၁၃
အက်စတန် ဗီလာအသင်းဟာ ဗီလာရီးရဲလ် နောက်ခံလူ ပေါ်တောရက်စ်ကို စာချုပ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အသက် ၂၆ နှစ်အရွယ် စပိန်လက်ရွေးစင်ဟာ လွန်ခဲ့တဲ့ တနှစ်၊ နှစ်နှစ်လောက်တုန်းက ဥရောပ ထိပ်တန်း ကလပ်အသင်းကြီးတွေ လိုချင်သူ ဝိုင်းနေတဲ့ ထိပ်တန်းအဆင့် နောက်ခံလူတဦးလို့ သတ်မှတ်နိုင်ပါတယ်။ စပိန်ကလပ် ဗီလာရီးရဲလ်က တောရက်စ်အတွက် ပြောင်းရွှေ့ကြေးကို ယူရို သန်း ၇၀ သတ်မှတ်ထားခဲ့ပါတယ်။
ဒါပေမဲ့ ဗီလာက ကစားသမားကို ယူရို ၃၇ သန်းဝန်းကျင်နဲ့ ခေါ်ယူနိုင်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ပြောင်းရွှေ့ကြေးနဲ့ ပတ်သက်လို့ ကလပ်အသင်း နှစ်ခုစလုံးက တရားဝင် ထုတ်ပြန်တာမျိုး မရှိခဲ့ပါဘူး။
တောရက်စ်ဟာ လက်ရှိ ဗီလာအသင်းရဲ့ မန်နေဂျာ အူနိုင်းအမ်မရီ လက်အောက်မှာ ကစားရင်း ၂၀၂၁ ခုနှစ်တုန်းက ဗီလာရီးရဲလ် အသင်းနဲ့အတူ ဥရောပ ယူရိုပါလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။ သူဟာ အမ်မရီ စိတ်ကြိုက် အတွေ့ဆုံး ကစားသမား တဦးလို့လည်း ယူဆနိုင်ပါတယ်။
တောရက်စ်ဟာ မိခင်နိုင်ငံ စပိန်လက်ရွေးစင် အသင်းအတွက်လည်း စုစုပေါင်း ၂၆ ပွဲထိ ပါဝင်ကစားပေးထားပြီးပါပြီ။
ဗီလာဟာ လာမယ့်ရာသီမှာ ဥရောပ ကွန်ဖရင့်လိဂ် ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ခွင့် ရထားတဲ့နောက် အသင်းကို ရည်မှန်းချက် ကြီးကြီးနဲ့ အင်အားဖြည့်တင်း တည်ဆောက်နေပြီး လက်စတာ ကွင်းလယ်လူ ယူရီ တိုင်လီစ်မန်ကိုလည်း ခေါ်ယူထားပြီး ဖြစ်ပါတယ်။