ထိုင်းဝန်ကြီးချုပ် ရွေးချယ်ပွဲနေ့ ထိုင်းရဲတပ်ဖွဲ့လုံခြုံရေးတင်းကြပ်ပြီး လမ်းတချို့ပိတ်ဆို့ထား

ဇူလိုင် ၊ ၁၃

ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ရွေးချယ်ပြုလုပ်မယ့် ဒီကနေ့ ဇူလိုင် ၁၃မှာတော့  ဘန်ကောက်မြို့အပါအဝင် ထိုင်းနိုင်ငံရဲ့ နေရာတော်တော်များများမှာ

ထိုင်းရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ်ထားပါတယ်။ မနေ့ ညပိုင်းကတည်းက ထိုင်းလွှတ်တော်ရှေ့က လမ်းကို ပိတ်ဆို့ဖို့ ကွန်တိန်နာတွေချထားသလို လမ်းဆုံတချို့နဲ့ လူစုလူဝေးနေရာတချို့မှာ သတိပေးဆိုင်းဘုတ်တွေနဲ့ အတက်အဆင်းလမ်းတွေကို ပိတ်ဆို့ဖို့ လုံခြုံရေးအရာရှိတွေကသံဆူးကြိုးတွေလည်းကိုင်ဆောင်ထားတယ်လို့ ထိုင်းသတင်းဌာနတချို့မှာဖော်ပြထားပါတယ်။

ဝန်ကြီးချုပ်ရွေးပွဲမတိုင်ခင် မနေ့ဇူလိုင် ၁၂ ညနေပိုင်းမှာလည်း ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့  Siam Skywalk မှာ  ထိုင်းဝန်ကြီးချုပ်ရွေးချယ်ပွဲကိုပြည်သူတွေစောင့်ကြည့်ဖို့ ထိုင်းနိုင်င်ငံဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်မှုတွေလုပ်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်သစ် နေရာအတွက် ရေပန်းအစားဆုံး ဖြစ်နေတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာဟာ ရွေးကောက်ပွဲ စည်းမျဉ်းတွေ ချိုးဖောက်တယ်လို့ ယုံကြည်ရတဲ့ အခြေအနေတွေကြောင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်က ရုပ်သိမ်းသင့်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က အခြေခံ ဥပဒေ ခုံရုံးဆီကို ဇူလိုင် ၁၂ ရက်မှာ ထောက်ခံချက် ပေးပို့ခဲ့ပါတယ်။

ဒီကနေ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲကြောင့် လုံခြုံရေးတင်းကျပ်ထားတဲ့အခြေအနေတွေအပြင် ဝန်ကြီးချုပ်ရွေးချယ်ပွဲအပြီးရလဒ်တွေကြောင့် ထိုင်းနိုင်ငံအတွင်းနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့လည်း သတိထားနေထိုင်ကြဖို့ကို ရွေ့ပြောင်းအလုပ်သမားအရေးလှုပ်ရှားသူတွေကသတိပေးနှိုးဆော်ထားပါတယ်။

photo Thai News Pix/ ဘန်ကောက်လမ်းညွှန်ကိုစိုင်း