ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ရာသီတုပ်ကွေးကြောင့်ဖြစ်ပြီး အချိန်မီဆေးဝါးကုသမှုမခံယူပါက အသက်အန္တရာယ်ရှိလာနိုင်

ဇူလိုင်၊ ၁၂

နိုင်ငံအနှံ့ မြို့နယ်အတော်များများမှာ ကလေးတွေသာမက လူကြီးတွေပါဖြစ်ပွားနေတဲ့  ရာသီတုပ်ကွေးရောဂါမှတဆင့် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားနိုင်ပြီး အချိန်မီဆေးဝါးကုသမှုမခံယူပါက အသက်အန္တရာယ်ရှိလာနိုင်တယ်လို့ ဆရာဝန်ကြီးတွေက သတိပေးပြောကြားပါတယ်။

“ရာသီတုပ်ကွေးက  ခြောက်လအောက်မှာရှိတဲ့ ကလေးတွေ၊ အသက်ကြီးပိုင်းတွေ၊ တခြားရောဂါအခံရှိသူတွေ နဲ့ခန္ဓာကိုယ်အစားထိုးကုသမှုခံယူထားသူတွေက အခြားသာမန်လူကောင်းတယောက်လို ခုခံအားစနစ်မကောင်းမွန်တာကြောင့် ရောဂါပြင်းထန်ချိန်မှာ အချိန်မီစနစ်တကျ ဆေးဝါးကုသမှုခံယူဖို့လိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် အသက်ဆုံးရှုံးနိုင်ဖို့ရှိလာနိုင်ပါတယ်”လို့ ဒေါက်တာဆုတောင်းပြည့်က ပြောပါတယ်။

ဒေါက်တာ ဆုတောင်းပြည့်ဟာ အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့  တယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တဦးဖြစ်ပါတယ်။

အခုဖြစ်နေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါဟာ ရောဂါအသစ်မဟုတ်သလို မီဒီယာတွေမှာ ဖော်ပြသလောက် ဖြစ်နေတာမျိုးလည်းမရှိကြောင်းနဲ့ ရာသီတုပ်ကွေးကနေ အဆုတ်ကိုသွားထိခိုက်ပြီး ရောဂါပိုပြင်းထန်သွားတဲ့ သဘောရှိတယ်လို့ လည်း ဆက်ပြောပါတယ်။

 လတ်တလောမှာတော့ ရာသီတုပ်ကွေးရောဂါဟာ ဖြစ်ပွားနှုန်းမြင့်မားနေတယ်လို့ ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေက ဆရာဝန်တွေနဲ့ ကလေးမိဘတွေက ပြောကြားပါတယ်။

“ဆေးရုံမှာမနက်ခင်းအထူးကုတွေလာချိန်ဆိုစာအုပ်ထပ်တဲ့လူနာသစ်ကနေ့တိုင်းနှစ်ဆယ်နဲ့သုံးဆယ်ကြားမှာရှိတယ် ။တခြားဆေးခန်းတွေမှာလဲပျမ်းမျှအဲ့လောက်တော့ရှိကြတယ်။တမြို့နယ်လုံးဆိုရင်ရာဂဏန်းတော့ရှိနိုင်တယ်”လို့မုံရွာမြို့ပုဂ္ဂလိကဆေးခန်းတခုကဆရာဝန်တဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားချိန် လူတွေအနေနဲ့ နှာခေါင်းစီးတပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးမလုပ်တာ စတဲ့ ရောဂါကာကွယ်ရေးတွေကိုစနစ်တကျလိုက်နာခဲ့တာကြောင့် တုပ်ကွေးကဲ့သို့ရောဂါပိုးတွေကို ကာကွယ်ပြီးသားဖြစ်ခဲ့တယ်လို့ ဒေါက်တာဆုတောင်းပြည့်က ပြောပါတယ်။

လက်ရှိမှာ ထိရောက်တဲ့ကာကွယ်မှုတွေ အားနည်းလာတာကြောင့် သဘာဝခုခံအားစနစ်တွေကျဆင်းသွားပြီး ရာသီတုပ်ကွေးရောဂါကတဆင့် ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါကို ခံစားလာရတာဖြစ်တယ်လို့ အဆိုပါ ဆရာဝန်က ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကာလအတွင်းမှာ ကလေးငယ်တွေအတွက် ကာကွယ်ဆေးရရှိမှုမလုံလောက်တာ၊ နယ်မြေဒေသအခြေအနေတွေအရ သွားရောက်ထိုးနှံနိုင်မှုမရှိတာတွေကလည်း ရောဂါပြင်းထန်မှုနဲ့ပတ်သက်နေတယ်လို့ ကျန်းမာရေးအသိုင်းအဝိုင်းထံက သိရပါတယ်။

လက်ရှိမှာ ကလေးငယ်တွေ အပြင်းအထန်ဖျားနာနေတာနဲ့ပတ်သက်ပြီး ပုဂ္ဂလိကဆေးရုံကြီးတခုရဲ့ ပြင်ပလူနာဌာနမှာတာဝန်ကျနေတဲ့ ဆရာဝန်တဦးကတော့ လက်ရှိကာလမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုတွေ ပြန်တွေ့လာနေသလို သွေးလွန်တုပ်ကွေးရာသီကာလလည်းဖြစ်တာကြောင့် ရာသီတုပ်ကွေးရောဂါနဲ့ ရောထွေးနေတာဖြစ်တယ်လို့ ပြောပြပါတယ်။

“ရာသီတုပ်ကွေးနဲ့ကိုဗစ် နှစ်ခုရောနေတာပေါ့။ တချို့လူကြီးပိုင်းတွေဆိုရင် ကိုဗစ်ဖြစ်ပြီးတော့ အောက်ဆီဂျင်ပြန်ကျတာတွေ တွေ့လာရတယ်။ ကလေးတွေကတော့ တုပ်ကွေးနဲ့ပတ်သက်ပြီး ကျွန်တော်သိရသလောက်က အခြေအနေသိပ်မဆိုးသေးပါဘူး”လို့ အထက်ပါဆရာဝန်က ဆက်ပြောပါတယ်။

လတ်တလော ကလေးငယ်တွေဖျားနာနေတာဟာ ရာသီတုပ်ကွေးဖျားနာမှုသာဖြစ်ပြီး အများစုပြောနေကြတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါမဟုတ်သလို ရောဂါအသစ်လည်းမဟုတ်ကြောင်း၊ ဆေးရုံကိုလာရောက်ပြသတဲ့ ကလေးတွေကို စစ်ဆေးကြည့်ရာမှာ အဲဒီလိုမျိုးရောဂါမတွေ့ရဘူးလို့ ရန်ကင်းကလေးဆေးရုံအုပ်ကြီးရဲ့ ပြောကြားချက်ကို BBC သတင်းဌာနမှာ ဖော်ပြထားတာတွေ့ရပါတယ်။

“ကျွန်မရဲ့ကလေးက ဖျားတာ အပူချိန် ၁၀၄ ထိရှိတယ်။ မနေ့ကဆို အိမ်မှာရေချိုးပြီးတာတောင် အပူအားနေကြီးလို့ ဆေးရုံမှာရေပြန်ချိုးရတယ်။ ဆေးရုံမှာလည်း ဖျားနေတဲ့ကလေးတွေ အများကြီးတွေ့ရတယ်။ အများဆုံးတွေ့ရတာက သွေးလွန်တုပ်ကွေးဖြစ်ကြတာ။ ကာကွယ်ဆေးထိုးထားတာကို ဖျားတာ”လို့ မန္တလေးမြို့မှ ကလေးမိဘတဦးက ပြောပါတယ်။

ဒါ့အပြင် လတ်တလောဖြစ်ပွားနေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ကလေးငယ်တဦး အဆုတ်သွေးခဲပြီး သေဆုံးသွားခဲ့တယ်လို့ လူမှုကွန်ယက်တွေမှာ ရေးသားနေတာတွေ့ရသလို ရန်ကုန်မြို့မှာလည်း ကလေးငယ်အချို့သေဆုံးမှုရှိလာတာကို ကလေးမိဘတွေဆီကနေသိရတယ်လို့ DVB သတင်းဌာနက ဇူလိုင် ၁၁ ရက်က ဖော်ပြထားတာတွေ့ရပါတယ်။

“ဆေးခန်းမှာလာပြတဲ့ ကလေးအများစုက သာမန်နှာစေးချောင်းဆိုးလူနာတွေများတယ်။ ဆေးရုံတင်ရလောက်တဲ့အထိ ပြင်းထန်တဲ့လူနာတော့မတွေ့သေးဘူး။ ရန်ကုန်-မန္တလေးက ကလေးအထူးကုဆရာဝန်တွေကြားမှာလည်း အခုရက်ပိုင်းအတွင်းမှာပေါ့နော် အဲဒီရောဂါ(ပြင်းထန်အဆုတ်ရောင်)နဲ့ပတ်သက်ပြီး သေဆုံးတယ်လို့ပြောတာ မကြားရသေးပါဘူး”လို့ မုံရွာမြို့မှ ကလေးအထူးကုဆရာဝန်တဦးက ပြောပါတယ်။

ကလေးအချို့ ဖျားနာမှုတွေရှိလာတာကြောင့် ခေတ္တကျောင်းပိတ်ထားကြောင်း ထုတ်ပြန်ထားတဲ့ ကျောင်းတွေဘက်ကို DNA က ဆက်သွယ်မေးမြန်းရာမှာတော့ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားလို့ ပိတ်တာမဟုတ်ပဲ ကြိုတင်ကာကွယ်မှုအနေနဲ့လုပ်ဆောင်တာဖြစ်တယ်လို့လည်း Dason Pravite School မြောက်ဥက္ကလာရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒီရာသီမှာ virus infection ကတော့ နှစ်တိုင်းဖြစ်ကြပါတယ်။ ဝင်လာတဲ့ virus ပေါ်မူတည်တဲ့အပြင် ကလေး ပေါ်မှာပါမူတည်ပြီး ပြင်းထန်အဆင့်ကွဲပြားသွားတာပါ။ ကျောင်းတိုင်းကတော့ ဒီလိုအချိန်မှာ notice လေးတွေ ထုတ်တတ်ကြပါတယ်။ တချို့လည်း ခဏပိတ်ပြီးတော့ပြန်ဖွင့်သလို တချို့လည်းနေမကောင်းရင် မပို့ကြဖို့သတိပေးတာပေါ့”လို့ ရန်ကုန်မြို့မှ ကလေးအထူးကုဆရာဝန်တဦးက DNA ကို ပြောပါတယ်။

လူမှုကွန်ယက်ပေါ်မှာပျံ့ နှံ့နေတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါနဲ့ပတ်သတ်ပြီး  ပုဂ္ဂလိကကျောင်းအချို့ ခေတ္တပိတ်ထားလိုက်ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေရှိနေပေမဲ့ စစ်ကောင်စီရဲ့ ကျန်းမာရေးဝန်ကြီးဌာနကတော့ လတ်တလော ကလေးတွေဖျားနာနေတာနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

လတ်တလောကာလာဟာ ရာသီတုပ်ကွေးနဲ့သွေးလွန်တုပ်ကွေးရာသီဖြစ်နေတာကြောင့် ကလေးငယ်တွေဖျားနာမှုဖြစ်တဲ့အခါမှာ သေချာစနစ်တကျခွဲခြားပြီးတော့ ကုသမှုခံယူဖို့လိုတယ်လို့ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက လူမှုကွန်ယက်မှာ ဖြေကြားထားပါတယ်။

ဒါ့အပြင် ရာသီတုပ်ကွေးရောဂါဟာ ကလေး၊လူကြီးမရွေး ဖြစ်ပွားတတ်တာကြောင့် စနစ်တကျကုသမှုခံယူမယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါလောက် မခက်ခဲပေမယ့် သေသေချာချာကုသမှုမခံယူခဲ့ရင် အသက်ဆုံးရှုံးရတာတွေကလည်း ရှိနေဆဲဖြစ်တယ်လို့ အထက်ပါ ကလေးအထူးကုဆရာဝန်ကြီးက ဖြေကြားထားပါတယ်။

“ရာသီတုပ်ကွေးလက္ခဏာတွေကတော့ ကလေး၊လူကြီးသိပ်ပြီး ကွာခြားမှုမရှိပါဘူး။ ဖျားမယ်၊ အဖျားကြီးမယ်၊ တခါတလေမှာ ချမ်းတုန်တာတွေဖြစ်မယ်၊ မျက်ရည်ကျတာ၊ လည်ချောင်းနာတာ၊ ကိုယ်လက်ကိုက်ခဲတာအပြင် နောက်ဆက်တွဲအနေနဲ့ အဆုတ်အအေးမိတာဖြစ်လာရင် အသက်ရှုကြပ်တာတွေ ဖြစ်လာတာရှိပါတယ်။ သွေးလွန်တုပ်ကွေးကတော့ ချောင်းဆိုးတာ နှာစေးတာသိပ်မရှိဘူး။ ကလေးတွေမှာ ရာသီတုပ်ကွေးဖြစ်လာရင် စိုးရိမ်စရာရှိလားဆိုရင် စိုးရိမ်စရာရှိပါတယ်။ ဘာကြောင့်ဆို သေသေချာချာစနစ်တကျ မကုသခဲ့ရင် အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်”လို့ ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ဇီဝက လူမှုကွန်ယက်နဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာပြောကြားထားတာပါ။

Photo-Google