ဇူလိုင်၊ ၁၁
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်နယ်မြေရှင်းလင်းရေး အတွက် စစ်ကြောင်းထိုး နေတဲ့အတွက် အနီးနားက ကျေးရွာတွေရှိ ဒေသခံ နှစ်ထောင်နီးပါးလောက်ဟာ မိုးရွာထဲ ထွက်ပြေးနေရတယ်လို့ စစ်ရှောင်ကူညီစောင့်ရှောက်နေသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့ပေါ်မှာရှိတဲ့ လေ့လာရေး အမှတ် (၈) တပ်က အင်အား ခြောက်ဆယ်ကျော်လောက် ပါတဲ့ စစ်ကြောင်းဟာ ဇွန်လ ၁၀ ရက် မနေ့က မနက်ပိုင်းက စတင်ပြီး ရွှေဘိုမြို့ကတဆင့် လှတောကျေးရွာဖက်ကို ဝင်ရောက်ခဲ့တာပါ။
“ အခုဝင်တာက ဝက်လက်အနောက်ခြမ်း လှတောကနေ ဝင်တာပေါ့။ ရွာလုံးကျွတ်တွေ ရှောင်ရတာဗျ၊ တရွာဆိုရင် အိမ်ခြေက တရာကျော်တယ်။ မိုးတွေကလည်း ရွာနေတာဆိုတော့ စစ်ရှောင်တွေလည်း ဒုက္ခရောက်ကြတယ်ဗျ။ မိုးရွာကြီးထဲကို လှည်းတွေ၊ ဆိုင်ကယ်တွေနဲ့ တခြားရွာတွေကို ပတ်ပြီး စစ်ရှောင်ကြရတာပေါ့။ စစ်ကြောင်းနဲ့ဝေးတဲ့ နှစ်ရွာကျော် သုံးရွာလောက်ကို ပြေးကြရတယ် ဘုန်ကြီးကျောင်းတို့ ဆွေမျိုးရှိလည်း အဲလိုတွေဆီ ပြေးကြတယ် “ လို့ စစ်ရှောင်အရေး ကူညီသူတဦးက ပြောပါတယ်။
အဲဒီလို စစ်ကြောင်းထိုးနေတာကြောင့် ဝက်လက်မြို့အနောက်ခြမ်းရှိ မကျီးတုံ၊ တကောင်းမင်း၊ လှတော၊ နှောဇင်၊ သဖန်းကုံး၊ တိုက်ကုံး၊ ကျီးကန်တောင်ရွာ၊ မြောက်ရွာ၊ ပင်းဇင်း၊ တကောင်းပင်၊ ခေါတော စတဲ့ရွာတွေက ဒေသခံ နှစ်ထောင်နီးပါးလောက်က စစ်ကြောင်းနဲ့ ဝေးရာကို ထွက်ပြေးနေကြရတာပါ။
လက်ရှိဝက်လက်မြို့တွင် မိုးရွာသွင်းနေတဲ့အတွက်ကြောင့် စစ်ရှောင်တွေမှာ ဖျားနာတာတွေဖြစ်နေသလို သက်ကြီးပိုင်းတွေအတွက် ဆေးဝါးလိုချက်တွေ ရှိနေပြီး အစားအသောက်နဲ့ မိုးကာတွေလည်း အရေးပေါ်လိုအပ်လာတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
“ မနေ့က မိုးက တနေ့ကုန်ရွာတယ်ဗျ။ အသက်ကြီးပိုင်းတွေကျတော့ မိုးမိပြီး ဖျားကုန်တာပေါ့။ ဆေးဝါးကတော့ လောလောဆယ်ဆယ် ရှိတာလေးတွေ မျှပေးကြတယ်၊ လုံးဝမလောက်ပါဘူး။ စားဖို့ကျတော့လည်း သီးနှံစိုက်တဲ့ ရွာဆို သူတို့ရှိတာ မျှပေးတယ်။ တခြားအဖွဲ့အစည်းလေးတွေက ဆန်လှူတာတွေ ရှိတော့ အဲလိုပဲ ဖြေရှင်းနေကြတယ် “ လို့ ဒေသခံတဦးက ပြောပါတယ်။
ဒါ့အပြင် ဒီလ ၆ ရက် မနက်တုန်းကလည်း စစ်အုပ်စု စစ်ကြောင်းက သမ္မရိုးရွာ နဲ့ ကတို့ကိုင်းကျေးရွာမှ ရွှေပန်းကုန်းရွာ ကို စျေးရောင်းဖို့ ထွက်လာတဲ့ ဒေသခံ ခုနှစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သလို နောက်ထပ်ဒေသခံ ခြောက်ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
စျေးသယ်တွေကို ပစ်သတ်ခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းဟာ လက်ရှိအရာတော်နယ်ထဲမှာ ဆက်လက်စစ်ကြောင်းထိုးရင် ဒေသတွင်းအနီးအနားက ကျေးရွာတွေကို မီးရှို့နေတယ်လို့ လည်း ဒေသခံတွေက ဆိုကြပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ စစ်ကြောင်းတွေကြောင့် ဒေသခံ ခုနှစ် သိန်းခွဲကျော်လောက်ဟာ နေရပ်စွန့်ခွါ ထွက်ပြေးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ပြီးခဲ့တဲ့ လပိုင်းက ထုတ်ပြန်ထားပါတယ်။
တနိုင်ငံလုံးမှာ နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒဿမ ၈ သန်းကျော်ထဲက ၁ ဒဿမ ၅ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကြောင့်ဖြစ်တယ်လို့ ၂၀၂၃ ခုနှစ်၊ မေလမှာ ထုတ်ပြန်တဲ့ UN OCHA စာရင်းတွေအရ သိရပါတယ်။
ဓာတ်ပုံ – CJ (ပုံဟောင်း)