ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ်အနီးက ကျေးရွာဒေသခံတွေကို စစ်ကောင်စီကဖိ အားပေးပြီး ကင်းစောင့်ခိုင်းနေ

ဇူလိုင်၊ ၁၁
 
ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ် အနီးကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက ဖိအားပေးပြီး ပျူစောထီးတွေနဲ့အတူ ကင်းစောင့်ခိုင်းနေတာကြောင့် လယ်သမားတွေဟာ လယ်ယာအလုပ်လုပ်ကိုင်ဖို့အရေး အခက်ကြုံနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
“ စစ်တောင်းမြစ်ကမ်းဘက်က လယ်တဲတွေကို ဖျက်ခိုင်းတယ်၊ အိမ်တိုင်းကို ကင်းစောင့်ဖို့ ဖိအားပေးတယ်၊ အဲဒီတော့ စပါးစိုတ်ဖို့ အခက်ကြုံနေရတာပါ၊ လုပ်ကိုင်စားသောက်လို့ အဆင်မပြေဘူး ” စစ်တောင်းမြစ်အနောက်ဘက် ရဲနွယ်ချောင်းအနီးမှာရှိတဲ့ ဆင်ရွာက ဒေသခံလယ်သမားတဦးက ပြောပါတယ်။
ဝေါမြို့နယ်အရှေ့ဘက် စစ်တောင်းမြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နဲ့ သိမ်ဇရမ်မြို့ တွေရှိပြီး အဲ့ဒီဒေသတွေမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေ နှစ်ဘက်စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ဖြစ်နေတာပါ။
ဒါကြောင့် ဝေါမြို့နယ်စစ်တောင်းမြစ်ကမ်းအနီး ရွာတွေမှာ တော်လှန်ရေးအင်အားစုတွေ အခြေပြုလာမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီက အခုလို ပျူစောထီးတွေနဲ့အတူ ဒေသခံတွေကိုပါ ဖိအားပေးပြီး ကင်းစောင့်ခိုင်းနေတာလို့ ဒေသခံတွေက ယူဆကြပါတယ်။
ဝေါမြို့နယ်ထဲကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မကြာခင်ဝင်လာတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် စစ်ကောင်စီက ကျေးရွာတွေမှာ လုံခြုံရေးတိုးချထားပြီး စစ်ဆေးမှုတွေ လုပ်နေသလို ရွာသားတွေကို ကင်းစောင့်ခိုင်းနေတာလို့ ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။
“ ရွာသားတွေကို တအိမ်တယောက်နှုန်း ကင်းစောင့်ခိုင်းတယ်၊ မကြာခင် PDF တွေ ဝင်လာတော့မယ်ဆိုပြီး သတင်းလွှင့် ကင်းစောင်းခိုင်းနေတာပါ၊ ကင်းစောင့်ချိန် လက်လုပ်သေနတ်တွေလည်း ပေးထားတယ် ” လို့ သူကဆိုပါတယ်။
မွန်ပြည်နယ် သိမ်ဇရမ်မြို့နဲ့ စစ်တောင်းမြစ်သာခြားပြီး ဝေါမြို့နယ်အရှေ့ဘက်နဲ့ အရှေ့မြောက်ဘက်မှာရှိတဲ့ စစ်တောင်းမြစ်ကမ်းအနီးက သရဲသမိန်၊ မြစ်ကျိုး၊ ဆင်ရွာ၊ အဘားကရင်စု၊ လေးအိမ်စု၊ တာဆုံ၊ လက်ပံ၊ ရှမ်းကိုင်း၊ ကဒွတ်၊ ဖိုးစပါယ်၊ တနော်ကျွန်း စတဲ့ကျေးရွာတွေက ဒေသခံတွေကို စစ်ကောင်စီက အခုလပထမပတ်ကစလို့ တအိမ်တယောက်နှုန်းနဲ့ ကင်းစောင့်ခိုင်းနေတာလို့ သိရပါတယ်။
အဆိုပါကျေးရွာတွေက ဒေသခံတွေဟာ ကျေးရွာအရွယ်အစားအလိုက် ရွာငယ်ဆိုရင် တရက်ကို တဖွဲ့ ကင်းစောင့်တာ၊ ကင်းလှည့်တာတွေ လုပ်ရပြီး ရွာကြီးတွေကတော့ တရက်ကို နှစ်ဖွဲ့ ကင်းစောင့်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဝေါမြို့နယ်အတွင်းမှာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားတာ မရှိသေးပေမယ့် ညရှစ်နာရီကျော်ရင် အပြင်ထွက်သွားလာခွင့်မပြုတဲ့ ဒေသန္တရ ညမထွက်ရ အမိန့်တော့ ထုတ်ထားတာကြောင့် ဒေသခံတွေအနေနဲ့ ညအချိန် အရေးပေါ်ကိစ္စတွေအတွက် သွားလာရေးလည်း အဆင်မပြေကြဘူးလို့ ပြောကြပါတယ်။
ဝေါမြို့အထွက်က စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ဝေါမြို့အရှေ့ဘက်က ညောင်ခါးရှည် ရဲစခန်း တို့ကို တော်လှန်ရေးအင်အားစုတွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီနဲ့ ဧပြီလတို့အတွက် တိုက်ခိုက်ခဲ့ပြီးကတည်းက အခုလို လုံခြုံရေးအစီအမံတွေ တိုးမြှင့်လုပ်ဆောင်လာတာလို့ ဒေသခံတွေက ပြောပါတယ်။
 
ဓာတ်ပုံ – Google Map