ဖားကန့်မြို့က နာမည်ကြီး ဟိုတယ် နဲ့ ကေတီဗီပိုင်ရှင်အမျိုးသမီးတဦးကို လူတစုက ဖမ်းဆီးသတ်ဖြတ်

ဇူလိုင် ၊ ၉

ကချင်ပြည်နယ် ၊ဖားကန့်မြို့ရှိ နာမည်ကြီး ဟိုတယ်နဲ့ ကေတီဗီပိုင်ရှင် အမျိုးသမီးတဦးကိုဇူလိုင်လ ၈ ရက် မနေ့ညက  လူတစုကက  နေအိမ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် လမ်းမှာ သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ ကျနော်တို့ သိရသလောက်တော့ မနေ့က ညပိုင်းမှာ အဲဒီအမျိုးသမီးအိမ်ကို ကားနဲ့ အမျိုးသား လေးငါးယောက်လောက်က လာဖမ်းသွားတယ်။ ဘယ်သူတွေ ဘယ်ဝါတွေတော့ မသိရဘူးပေါ့ ။ခဏလိုက်ခဲ့ရမယ်ဆိုပြီး ခေါ်သွားတယ်။ ညတွင်းချင်းပဲ ပစ်သတ်သွားတယ်နေမှာ။ မနက်ကျမှာအလောင်းကို ပြန်တွေ့ရတာပါ “ လို့ ဒေသခံ တဦးကပြောပါတယ်။

ဖားကန့်မြို့ ၊ဆိပ်မူအုပ်စု ၊မှော်ရှန်ကျေးရွာရှိ နာမည်ကြီး ရှင်းရင် ဟိုတယ်ပိုင်ရှင် ဒေါ်ဖြူဖြူသန့်ကို မနေ့ည ၉ နာရီဝန်းကျင်မှာ အမည်မသိလူတစုက ဖမ်းဆီးခေါ်ဆောင်သွားတာခဲ့ပြီးနောက် အခုလို သတ်ဖြတ်ခံလိုက်ရတာပါ။

သူရဲ့ ရုပ်အလောင်းကို ဒီကနေ့မနက်ပိုင်းမှာ ဆိုင်းတောင် ရွာဟောင်းလမ်းဆုံအကျော်မှာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ဒေသခံတွေကဆိုကြပါတယ်။

သေဆုံးသူရဲ့ အလောင်းကိုဟိုတယ်နဲ့ မိနစ်ပိုင်းလောက်ပဲဝေးတဲ့ ကတ္တရာလမ်းပေါ်မှာသွေးထွက်ဒဏ်ရာတွေနဲ့ ပစ်ချသွားခဲ့တာလို့လည်း People’s Spring သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း အဲဒီရှင်းရင် KTVကို  ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပက်သက်သူတွေရောက်နေချိန် စစ် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာကြောင့် ဝန်ထမ်း နှစ်ဦးအပါအဝင် KIA အရာရှိတဦးလည်း သေဆုံးခဲ့ပါသေးတယ်။

ဟိုတယ်ပိုင်ရှင် ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်စဉ်နဲ့ပက်သက်ပြီး စစ်အုပ်စုနဲ့ KPDF အဖွဲ့လုပ်ဆောင်တယ်လိုအပြန်အလှန်စွပ်စွဲနေသော်လည်း DNA ကသီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူပဲ ပြီးခဲ့တဲ့ဇွန်လအတွင်းတုန်းကလည်း ဆိပ်မူရပ်ကွက်(၂)ရှိ သံယောဇင်နန်းတော် KTV နဲ့တည်းခိုခန်းပိုင်ရှင် မသီတာ ဆိုသူကို အမည်မသိလူတစုက  သတ်ဖြတ်ပြီး လက်ဝတ်ရတနာပစ္စည်းတွေယူဆောင်သွားခဲ့ပါသေးတယ်။ အဲဒီဖြစ်စဉ်နဲ့ ပက်သက်ပြီးတော့ ကျူးလွန်သူတွေကို အခုချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။