လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပြင် ဘာသာရေး ဖိနှိပ်မှုတွေကိုပါ ကျူးလွန်နေတဲ့ အာဏာသိမ်း စစ်တပ်

ဇူလိုင် ၊ ၈

တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှာ ရုတ်တရက် အာဏာသိမ်းပြီး ဒီမိုကရေစီ အစိုးရဆီက စီမံအုပ်ချုပ်မှု အာဏာတွေကို အဓမ္မ လုယူလိုက်ပါတယ်။ အဲဒီ နောက်ဆက်တွဲမှာတော့ စစ်တပ်ဟာ သူတို့ရဲ့ တရားမဝင် ကြီးစိုးမှုကို ဆန့်ကျင်တဲ့ သူတွေကို အစုလိုက် သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ပါတော့တယ်။

 စစ်တပ်ဟာ ဆန္ဒပြသူတွေ၊ မီဒီယာသမားတွေ၊ ရှေ့နေတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကို ထင်တိုင်းကြဲ ဖမ်းဆီးပြီး စွဲချက်တင်တာတွေအပြင် လူ့အခွင့်အရေးကို ကာကွယ် ရပ်တည်သူတွေနဲ့ ဆန့်ကျင်သူတွေကို ပစ်မှတ်ထားပြီး ပြင်းပြင်းထန်ထန် ဖြိုခွဲခဲ့ပါတယ်။

 ဒါတွေက ကမ္ဘာသိ ဖြစ်ရပ်တွေပါ။ ဒါပေမဲ့ အဲဒီလုပ်ရပ်မျိုးတွေတင် မကဘဲ စစ်တပ်ဟာ ဘာသာရေးနဲ့ တိုင်းရင်းသား အသိုက်အဝန်းတွေကို ပစ်မှတ်ထားမှုမျိုးတွေလည်း ရှိနေသေးတယ်လို့ အစီရင်ခံစာ အသစ်တခုက ညွှန်ပြနေပါတယ်။ ရိုဟင်ဂျာ မျိုးနွယ်စုတွေကို စစ်တပ်က အငြှိုးတကြီး ဖိနှိပ်သတ်ဖြတ်မှုတွေ အပြီးမှာ အခုအခြေအနေမျိုး ထပ်မံ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 ရိုဟင်ဂျာတွေဟာ စစ်တပ်ရဲ့ ကြုံသလို ပစ်ခတ် သတ်ဖြတ်မှုတွေ၊ ဖိအားပေး လက်စဖျောက်တာတွေ၊ တရားလက်မဲ့ ဖမ်းဆီးတာတွေ၊ မုဒိမ်းကျင့်တာ၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်တာနဲ့ တခြား ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက် ခံရတာတွေ၊ လူမဆန်တဲ့ ခွဲခြားနှိမ့်ချက် ဆက်ဆံမှုနဲ့ အပြစ်ပေးမှုတွေ ခံရတာတွေ၊ လုယက်ခံရတာနဲ့ အိုးအိမ်တွေ ဖျက်ဆီးခံရတာတွေ အပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ဖြိုခွင်းမှုတွေကို ကြုံခဲ့ရပါတယ်။ အကျိုးဆက် အနေနဲ့ ရိုဟင်ဂျာ အများအပြားဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ကြရပါတယ်။

 ဒီလုပ်ရပ်တွေဟာ နောက်ဆက်တွဲ ဂယက်တွေ အများကြီး ရိုက်ခတ်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)မှာ မြန်မာက သွားရောက်ခုခံ လျှောက်လဲရတဲ့ အခြေအနေတွေထိ ဖြစ်ခဲ့ပါတယ်။ ICJက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာစစ်တပ်ဟာ ဘာသာကွဲ လူနည်းစုတွေ အပေါ်မှာလည်း လူမဆန်တဲ့ ရက်စက်ညှင်းပန်းမှုတွေ ကျူးလွန်ခဲ့ပြီး နိုင်ငံတကာ စံနှုန်းနဲ့ သတ်မှတ်ချက်တွေကို ချိုးဖျက်ပြီး လူနည်းစုတွေရဲ့ ဘာသာရေး ဝတ်ပြုရာ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာမျိုး လုပ်ရပ်တွေကိုလည်း ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

 ဒါပေမဲ့ စေ့စေ့စပ်စပ် ဆန်းစစ်ကြည့်မယ်ဆိုရင် ရိုဟင်ဂျာ မွတ်ဆလင်တွေတင် မကဘဲ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ ကိုရင်တွေနဲ့ မယ်သီလရှင်တွေလည်း စစ်တပ်ရဲ့ ပစ်မှတ်ထားခြင်းကို ခံခဲ့ရတာပါ။ မြန်မာနိုင်ငံမှာ ကိုးကွယ်ယုံကြည်မှု အများဆုံး ဗုဒ္ဓဘာသာရဲ့ သာသနာ့ ဝန်ထမ်းတွေအပြင် ခရစ်ယာန် ဘာသာရေး ဝန်ထမ်းတွေလည်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်တယ်လို့ စွပ်စွဲခံရပြီဆိုရင် စစ်တပ်ရဲ့ ဒုက္ခပေးမှုကို ခံရတာပါပဲ။ အထူးသဖြင့် အဲဒီလို သံသယ မျက်လုံးနဲ့ကြည့်ပြီး အကဲဖြတ်မှုတွေဟာ သာသနာ့ ဝန်ထမ်းတွေရဲ့ တိုင်းရင်းသား မျိုးနွယ်စုနဲ့လည်း သက်ဆိုင်နေတတ်ပါတယ်။

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဧပြီလအတောအတွင်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီ (ကယားပြည်နယ်)၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေအပြင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာရှိတဲ့ ဘာသာရေးနဲ့ ဝတ်ပြုမှုဆိုင်ရာ အဆောက်အအုံပေါင်း ၁၉၀ လောက်ဟာ စစ်တပ်ရဲ့ မီးရှို့မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ ဗုံးကြဲမှုတွေ အပါအဝင် ပုံစံမျိုးစုံနဲ့ တိုက်ခိုက်မှုတွေကြောင့် ပျက်စီးခဲ့တယ်လို့ ICJရဲ့ အစီရင်ခံစာက ဆိုပါတယ်။

 အဲဒီထဲမှာမှ ဗုဒ္ဓဘာသာနဲ့ သက်ဆိုင်တဲ့ အဆောက်အအုံ ၉၄ ခု၊ ခရစ်ယာန် ဘာသာရေးနဲ့ သက်ဆိုင်တာ ၈၇ ခုနဲ့ အစ္စလာမ် ဘာသာရေးနဲ့ ဆက်နွှယ်တာ ၆ ခု ပါဝင်ခဲ့ပါတယ်။ ICJရဲ့ အစီရင်ခံစာအရ ကနဦး ရည်ညွှန်းထားတဲ့ ဖျက်လိုဖျက်ဆီး ဖြစ်စဉ် ၁၉၀ မှာ အနည်းဆုံး ၁၅၈ ခုဟာ စစ်တပ်လက်ချက် ဆိုတာကို အတည်ပြုထားနိုင်ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

 ဧပြီ ၃၀ ထိ ICJ ရရှိထားတဲ့ စာရင်းတွေအရ နိုင်ငံအနှံ့က ဘာသာရေး အဆောက်အအုံနဲ့ ဝတ်ပြုရာ နေရာပေါင်း ၆၄ ခုထက် မနည်းဟာ အကြမ်းပတမ်း စီးနင်းမှုတွေနဲ့ ကြုံခဲ့ရကြောင်း အတည်ပြုနိုင်ပါတယ်။ အဲဒီထဲက အများစုဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ သက်ဆိုင်ပြီး ဘုန်းကြီးကျောင်း ၄၃ ခု ပါဝင်နေပါတယ်။ ပြီးတော့ ဘုန်းတော်ကြီးသင် ပညာရေးဌာန ၂ ခု၊ ခရစ်ယာန် ဘုရားကျောင်း ၁၅ ခုနဲ့ အစ္စလာမ် ဘာသာရေး အဆောက်အအုံ ၅ ခုတို့ကိုလည်း စာရင်းကောက်ယူ ထားနိုင်ပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်လို့ နာမည်ခံထားတဲ့ အကြမ်းဖက် စစ်သားတွေဟာ ဟိန္ဒူ ဝတ်ကျောင်း တခုထဲကိုလည်း ဝင်ရောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

 နောက်ပြီး ရည်ညွှန်း ကာလအပိုင်းအခြားအတွင်း စစ်တပ်ဟာ ပြည်နယ်နဲ့တိုင်း ၁၂ ခုထဲက ဘုရားကျောင်းကန်နဲ့ ဘာသာရေး အဆောက်အအုံပေါင်း ၁၁၀ ထက် မနည်းမှာ ဝင်ရောက် တပ်စွဲခဲ့ပါသေးတယ်။ အဲဒီထဲကမှာ အများစုဖြစ်တဲ့ စစ်စခန်း ၁၀၀ လောက်ကို ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ဖြန့်ကျက်ခဲ့ပြီး ခရစ်ယာန် ဘုရားကျောင်း ၇ ခုနဲ့ ဗလီ ၃ ခုထဲမှာလည်း တပ်စွဲခဲ့သေးတယ်လို့ ဆိုပါတယ်။

 တချို့ ဘာသာရေး အဆောက်အအုံတွေ ကျတော့ ကနဦးမှာ ယာယီ စစ်အခြေစိုက် စခန်းအဖြစ် အသုံးချခံရပြီး နောက်တော့ အကျဉ်းခန်း၊ စစ်ကြောရေးစခန်းအဖြစ် ပြောင်းလဲ ခံခဲ့ရပါတယ်။ တချို့နေရာတွေဆိုရင် စီရင်ကွပ်မျက်မှုတွေ လုပ်ဆောင်တဲ့ ဧရိယာလိုတောင် ဖြစ်သွားရပါတယ်။

 နောက်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြ လှုပ်ရှားမှုတွေနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးခံထားရဆဲ ဘာသာရေးခေါင်းဆောင် အများအပြားလည်း ရှိနေသေးတယ်လို့ ICJက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၃ ခုနှစ် ဧပြီလအတွင်းမှာ သတ်ဖြတ်ခံရတဲ့ ဘာသာရေးခေါင်းဆောင်တွေ၊ လူနည်းစု ဘာသာရေး ဝန်ထမ်းတွေလည်း ရှိနေပြန်ပါသေးတယ်။ ICJရဲ့ အဆိုအရ ဘာသရေးခေါင်းဆောင် ၄၁ ဦးဟာ ပစ်သတ်ခံရတာ၊ အစုလိုက် သတ်ဖြတ်ခံရတာ၊ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ် ခံရတာ၊ လေကြောင်းတိုက်ခိုက်မှု ကြုံရတာ၊ ညှင်းပန်းနှိပ်စက်ရင်း လက်လွန်တာတွေကြောင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဲဒီထဲက ၂၅ ဦးဟာ အာဏာသိမ်း စစ်တပ် လက်ချက်ကြောင့် အသက်ဆုံးရှုံးရတယ် ဆိုတာကို အတည်ပြုထားပြီးပါပြီ။

 အာဏာသိမ်းမှုအပြီး အင်တာနက် ဖြတ်တောက်မှုတွေကြောင့် တချို့ နယ်မြေတွေမှာ သတင်းအချက်အလက် ကောက်ယူတဲ့ လုပ်ငန်းတွေ နှောင့်နှေးခဲ့သလို စစ်တပ်ဟာ ဂျာနယ်လစ်တွေ၊ လူ့အခွင့်အရေး ကာကွယ် လှုပ်ရှားသူတွေကို ပစ်မှတ်ထား ဖိနှိပ်တာတွေ ရှိနေပြန်ပါတယ်။ ICJက ဖော်ပြတဲ့ အစီရင်ခံစာဟာ မြန်မာနိုင်ငံထဲက နာကျင်စရာ၊ နာကြည်းစရာ အခြေအနေမှန်တွေဟာ ဘယ်လောက် စိုးရိမ်ဖို့ ကောင်းနေပြီလဲ ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်သာလာစေပါတယ်။ ပြီးတော့ စစ်တပ်က မတရား ကြီးစိုးနေတဲ့ နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘယ်လောက်ထိ များပြားနေသလဲ ဆိုတာကို ထင်ဟပ်စေတဲ့ အစီရင်ခံစာလို့လည်း ဆိုနိုင်ပါတယ်။

 တပ်မတော် တဖြစ်လဲ အာဏာသိမ်း စစ်တပ်က နိုင်ငံအာဏာကို ဆုပ်ကိုင်ထားသ၍ မြန်မာ့ လူ့အခွင့်အရေး အခြေအနေတွေက ဆက်ပြီး ဆုတ်ယုတ် ကျဆင်းနေဦးမှာ ဖြစ်ပါတယ်။

 (Forbes မဂ္ဂဇင်းတွင် Dr. Ewelina U. Ochab ရေးသား ဖော်ပြထားသည့် Tatmadaw Targets Religious And Ethnic Communities In Myanmar Yet Again ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)