ကျုံအိတ်တံတား ဒရုန်းနဲ့ ထပ်မံဗုံးချတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား သုံးဦးအပါအဝင် လေးဦးဒဏ်ရာရ

ဇူလိုင်၊ ၇
 
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျုံအိတ်တံတား ပြန်လည်ပြုပြင်ဖို့အတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီကနေ့ နံနက်ပိုင်းက ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား သုံးဦး အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ မနေ့ညနေက တံတားပြင်ဖို့ဆိုပြီး ပစ္စည်းတွေ သယ်လာတာ၊ ဒီနေ့မနက်မှာ စပြင်ဖို့ လုပ်နေတုန်းမှာထင်တယ်၊ ဒရုန်းနဲ့ ထပ်ပြီး တိုက်ခိုက်ခံရတာ၊ လေးယောက်လောက် ထိသွားတယ်၊ စစ်သားသုံးဦးနဲ့ အဲဒီမှာ လုပ်နေတဲ့ ကုမ္ပဏီဝန်ထမ်းတဦးလို့ ပြောတယ်။ အခုတော့ တံတားကို ဆက်မပြင်တော့ဘူး၊ ရပ်လိုက်ကြပြီတဲ့ ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အစပ် ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်ရှိ မိုင်းထောင်ဖောက်ခွဲခံထားရတဲ့ ကျုံအိတ်တံတားကို ဒီကနေ့ နံနက် ၇ နာရီခန့်က တံတားပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ဖို့ စီစဉ်နေချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီး ရှစ် လုံးချကာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
“ မနက်က ကျုံအိတ်တံတားကို ဒရုန်းနဲ့ ချတာပေါ့နော်၊ အဲဒီတံတားနေရာမှာ စစ်တပ်က လုံခြုံရေးယူထားတာ ရှိတယ်လေ၊ အဲဒါကိုချတာ။ ကျုံအိတ်ဖြစ်စဉ်က အားလုံးလေးယောက် ထိသွားတယ်၊ တယောက်က ဒဏ်ရာပြင်းထန်တယ်လို့ သိထားရတယ်။ ရှိတာပေါ့၊ သူတို့ဘက်က ပြန်ပစ်တာတွေ ရှိတာပေါ့။ ဘယ်ကနေ သိမလဲ၊ ရမ်းပစ်တာပေါ့ ” လို့ သထုံခရိုင် PDF ခေါင်းဆောင် ကိုအေးမင်းထွန်းက ပြောပါတယ်။
 
စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ကျုံအိတ်တံတား တိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ရွှေသံလွင်ကုမ္ပဏီမှ ဝန်ထမ်းတဦး ရရှိဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ ဝါဒဖြန့်ထားပေမယ့် ထိခိုက်သေဆုံးမှုနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်း မရှိပါဘူး။
 
ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက် ညပိုင်းမှာ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာ အဲဒီတံတားကို မိုင်းထောင် ဖောက်ခွဲတဲ့အတွက် တဦးသေဆုံးပြီး နောက်ရက်မှာ လာရောက်စစ်ဆေးတဲ့ အဖွဲ့တွေကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်လို့ နှစ်ဦးသေဆုံးကာ စစ်ကောင်စီတပ်သား ၁၂ ဦးအပါအဝင် ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
 
အဲဒီလို တိုက်ခိုက်ခံရတဲ့အတွက် အလျား ၉၅ ပေ၊ အကျယ် ၃၆ ပေ ရှိတဲ့ သံကူကွန်ကရစ်တံတား အမျိုးအစားဖြစ်တဲ့ ကျုံအိတ်တံတားဟာ ထက်ခြမ်းနီးပါး ပြိုကျပျက်စီးသွားလို့ ပြန်လည်ပြင်ဆင်ဖို့ ကြိုးစားနေကြတာပါ။
 
ဒါ့အပြင် ကျုံအိတ်တံတား တိုက်ခိုက်မှု ပြုလုပ်နေစဉ်မှာပဲ ကျုံအိတ်တံတားနဲ့ သုံး မိုင်အကွာမှာရှိတဲ့ ဘီးလင်းမြို့နယ် အမြောက်တပ် (၃၁၄)ကိုလည်း ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အပြင် မွန်းလွဲ ၂ နာရီခန့်မှာတော့ ကျိုက်ထိုမြို့ နယ်စစ်ကောင်စီရဲ့ အမှတ် (၄၄)ခြေမြန်တပ်မ ဌာနချုပ်နဲ့ လက်နက်ကြီး အထိုင်နေရာတွေကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းဗုံးသီး ခြောက် လုံးချကာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ကိုအေးမင်းထွန်းက ဆိုပါတယ်။
 
အဲဒီလိုမျိုး စစ်ကောင်စီတပ်မဌာနချုပ်နဲ့ အမြောက်တပ် တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် အရပ်သားထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဆိုပါတယ်။
 
ဒါ့အပြင် ဇူလိုင်လ ၆ ရက် ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်အစပ် စစ်ကောင်စီရဲ့ သံတံတားစစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ခြောက်လုံး ချကာ တိုက်ခိုက်ခဲ့သလို ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်း ကျေးရွာရှိ ကျိုက်ထီးရိုး တောင်တက်ကားလမ်း ရှိ တံတား တစင်းကိုလည်း KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေ မိုင်းဖောက်ခွဲတယ်လို့ ကေအဲန်ယူ-သထုံခရိုင်မိတ်ဖက်ရေးရာကြီးကြပ်ကွက်ကဲမှုကော်မတီ ဥက္ကဌ ဦးကျော်မြင့်က ပြောပါတယ်
 
“ မနေ့က သံတံတားကို Drone နဲ့ ချတာ၊ တဦး သေတယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်၊ ပြီးတော့ ကျိုက်ထီးရိုးတောင် တက်ကားလမ်းက တံတားကို ဘာလို့ လုပ်ရလဲဆိုတော့ ဘုရားကုန်းပေါ်မှာ အခြေချထိုင်ထားတဲ့ အမြောက်တပ်ရှိတယ်၊ တပ်ခွဲ တခွဲလည်း ရှိတယ်။ သူတို့အတွက် ထပ်ပြီး စစ်ကူအင်အားနဲ့ ထောက်ပို့အတွက် မဆောင်ရွက်နိုင်ဖို့ လုပ်လိုက်တာပဲ ” လို့ ပြောပါတယ်။
 
လက်ရှိ သထုံခရိုင်အတွင်းမှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားရာ နယ်မြေဘက်က မြို့ရှောင်လမ်းပိုင်းနဲ့ လမ်းပိုင်းတချို့ကို မြေတူးစက် ဘက်ဟိုးတွေနဲ့ လမ်းတွေ ဖျက်ဆီးတာတွေ ပြုလုပ်နေတာလည်း ရှိပါတယ်။
 
ဒီလိုမျိုး လမ်း၊ တံတားတွေကို စစ်ရေးအရ နှစ်ဖက်အဖွဲ့အစည်းတွေက ဖောက်ခွဲဖျက်ဆီးတာတွေ လုပ်ဆောင်နေတာဟာ ရေရှည် ကုန်စည်စီးဆင်းမှုကို ထိခိုက်လာနိုင်သလို လုပ်ကိုင်စားသောက်ဖို့ သွားလာရေး အခက်အခဲရှိလာနိုင်တယ်လို့ ရန်ကုန်-မြဝတီ ကုန်စည်ပို့ဆောင်နေသူတဦးက ပြောပါတယ်။
 
“ တော်လှန်ရေးအတွက် ဆိုပေမယ့်လည်းပေါ့နော်၊ အခုဆို ဒီအတိုင်းသွားရင် ကုန်စည်စီးဆင်းမှုအပိုင်းမှာ ထိခိုက်သွားနိုင်တယ်၊ အခု ဒီတံတားဆိုလည်း သေချာဂရုစိုက်မောင်းနေရတယ်၊ နောက်ပိုင်းဒီလို အဝေးပြေးလမ်းပိုင်းတွေမှာ ထပ်ဖြစ်လာရင် ပိုဆိုးမှာပေါ့၊ ရွာတွေမှာ လမ်းတွေကို ဘက်ဟိုးနဲ့ အကျယ်ကြီး လမ်းဖျက်ဆီးထားတာတွေ သတင်းတွေမှာ ဖတ်ရတယ်ဗျာ၊ စိတ်မကောင်းစရာပဲ၊ ဘယ်လိုပြောရမလဲ လုပ်ကိုင်စားသောက်ဖို့ သွားလာရေးလမ်းခရီးက အဆင်မပြေဘူးပေါ့ဗျာ ” လို့ ပြောပါ တယ်။
 
လက်ရှိမှာလည်း ရန်ကုန်-မုတ္တမ ၊ ရန်ကုန်-ဘားအံ လမ်းပိုင်းတွေအပါအဝင် အဝေးပြေးကားလမ်းပိုင်း တချို့ကို နေ့စဉ် ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာတာတွေ မလုပ်ကြဖို့နဲ့ သတ်မှတ်ချိန်အတွင်းမှာ သွားလာမယ်ဆိုရင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာကြဖို့ကို အမှတ် (၂) စစ်ဒေသခွဲ က ဇူလိုင်လ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
 
ဓာတ်ပုံ – Social Media