မလွှဲတောင်တံတား လုံခြုံရေးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

ဇူလိုင်၊ ၇
 
မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းရှိ မလွှဲတောင်တံတား နဲ့ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီစခန်းကုန်း ကို ဇူလိုင်လ ၆ ရက်မနေ့က ည ၁၁ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
 
“ မနေ့က ည ၁၀ နာရီ ၊ (မိနစ်)၅၀ မှာ စခန်းဝင်သိမ်းတော့ပေါ့နော် စခန်းကို ဝင်ပစ်တဲ့ချိန်မှာ သူတို့ဖက်ကနေပြီးတော့ စွန့်ခွာထွက်ပြေးသွားတယ်ပေါ့နော်။ ကိုယ့်ဖက်ကနေ စခန်းကို သိမ်းလိုက်တယ်၊ စခန်းကို မီးရှို့ဖျက်ဆီးနိုင်တယ်ပေါ့နော်။ ကျွန်တော်တို့ ရှင်းလင်းရေးလုပ်တဲ့အခါမှာ လက်နက်တွေ သိမ်းဆည်းရမိတယ်။ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ် “ လို့ ဒုစစ်ဒေသခွဲမှူးရုံး စစ်ဒေသခွဲ အမှတ် (၃) တောင်ပိုင်းတိုင်း J.O.C တာဝန်ရှိသူတဦးက ပြောပါတယ်။
 
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၂၇ တပ်ခွဲ (၂)နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တွေက မလွှဲတောင်တံတား နဲ့ ဆက်သွယ်ရေးတာဝါတိုင် လုံခြုံရေးယူထားတဲ့ စစ်ကောင်စီလုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။
 
အဆိုပါစစ်စခန်းဟာ အမှတ် (၈) ပြည်ထောင်စု လမ်းမကြီးပေါ်က ရေး-ထားဝယ် လမ်းပိုင်း ၁၄ မိုင် အနီး တည်ရှိပြီး စစ်ကောင်စီလက်အောက်ခံ ခမရ ၅၉၁ ဗိုလ်နေလင်းထွန်း ဦးစီးတဲ့ အဖွဲ့က စစ်ကောင်စီရဲ့ ဆက်သွယ်ရေး တာဝါတိုင်တံတား နဲ့ မလွှဲတောင်တံတား ကို လုံခြုံရေး ယူထားတဲ့ စခန်းကုန်း ဖြစ်တယ်လို့လည်း သိရပါတယ်။
 
စခန်းသိမ်းနေစဉ် ၁၅ မိနစ်လောက် ပစ်ခတ်မှု ရှိခဲ့ပေမယ် စစ်ကောင်စီဘက်က လုံးဝပြန်မပစ်ဘဲ စခန်းကို စွန့်ခွာထွက်ပြေးခဲ့တာကြောင့် စခန်းတွင်း ဝင်ရောက်ရှင်းလင်းခဲ့ပြီး မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
 
“ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ကြာတယ် စခန်းကို ဝင်ပစ်တဲ့ချိန် သူတို့ဘက်က လုံးဝပြန်မပစ်ဘဲ သေနတ်ကောက်ပြီး ပြေးပါတယ်။ သူတို့ပြန်မပစ်ဘဲ ထွက်ပြေးသံကြားတော့ နောက်ကလိုက်ပေမယ့် ပျောက်သွားတယ် ” လို့ ပြောပါတယ်။
 
စစ်ကောင်စီဖက်က တော်လှန်ရေးအင်အားစုတွေကို ပြန်လည်တိုက်ခိုက်တာတွေ မရှိပေမယ့် စခန်းနားမှာရှိတဲ့ ၁၄ မိုင်ရွာဘက်ကို လက်နက်ကြီးနဲ့ ခြောက် ကြိမ်ပစ်ခတ်ခဲ့ပြီး ဒေသခံထိခိုက်မှု အသေးစိတ်ကိုတော့ အတည်ပြုလို့ မရသေးဘူးလို့ ဆိုပါတယ်။
 
“ ကျွန်တော်တို့က ညဖက်တိုက်တာဆိုတော့ စစ်ကောင်စီ သေဆုံးတာကိုလည်း အတည်ပြုလို့ မရဘူး။ အလောင်းတော့လည်း မတွေ့ဘူး။ ပြည်သူတွေ ထိခိုက်တာကျတော့ ညကမှ တိုက်ပွဲဖြစ်တာဆိုတော့ အသေးစိတ်ကို စုံစမ်းနေတယ်။ အတည်ပြုလို့တော့ မရသေးဘူး ” လို့ ပြောပါတယ်။
 
စစ်ကောင်စီပိုင် ဆက်သွယ်ရေးတာဝါတိုင်ကို မီးရှို့ဖျက်ဆီးပြီးနောက် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီသေဆုံးတာနဲ့ပတ်သက်လို့တော့ ဆက်လက်ဆုံးစမ်းနေတယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲ အမှတ် (၃) တောင်ပိုင်းတိုင်း၊ J.O.C မှ တာဝန်ရှိသူက ပြောပါတယ်။
 
စခန်းသိမ်းတိုက်ပွဲအတွင်း ရှေ့ထွက် မိုင်းသုံးလုံး၊ MA မဂ္ဂဇင်း ဆယ်ချပ်၊ ကတ်သီး (၁၈)လုံး၊ ၅ ဒဿမ ၅၆ ကျည် (၂၁၈)တောင့်၊ ၄၀ မမ ဗုံးသီးကျည် နှစ်ဆယ်လုံး၊ လက်ပစ်ဗုံး နှစ်ဆယ်လုံးနဲ့ အီကွေ့မန့် နှစ်စုံတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။
 
ဓာတ်ပုံ – ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C