CDM ဝန်ထမ်းတွေ ပူးပေါင်းပြီး ပြည်သူ့ဝန်ထမ်းများသမဂ္ဂ ဖွဲ့စည်းထားပြီးကြောင်း ထုတ်ပြန်

ဇူလိုင်၊ ၇
 
အာဏာသိမ်း စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်ခြင်း မပြုဘဲ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး CDM ပြုလုပ်ခဲ့ကြတဲ့ ဌာနအသီးသီးက ဝန်ထမ်းတွေ ပူးပေါင်းကာ ပြည်သူ့ဝန်ထမ်းများသမဂ္ဂကို ဖွဲ့စည်းခဲ့ပြီး ဖြစ်တယ်လို့ ဇူလိုင်လ ၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
 
” အဓိက ကတော့ တော်လှန်ရေးကို လူကိုယ်တိုင် ဝင်ရောက်မလုပ်ကိုင်နိုင်သေးတဲ့ သူတွေပေါ့နော်၊ သူတို့ ဘယ်နည်းလမ်းနဲ့ လုပ်လို့ရလဲဆိုတာ ကျနော်တို့က ကြားခံအနေနဲ့ ဆောင်ရွက်ပေးတာ ” လို့ ဗဟိုစည်းရုံးရေးကော်မတီဝင် ကိုဇော်လင်းထွန်းက ပြောပါတယ်။
 
စစ်တပ်က မဲစာရင်းအကြောင်းပြပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းလိုက်တာကို လက်မခံတဲ့ ရွေးကောက်ပွဲမှာ မဲရုံစောင့်ပေးခဲ့ရတဲ့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် သိန်းနဲ့ချီတဲ့ နိုင်ငံဝန်ထမ်းတွေဟာ လုပ်ငန်းခွင်တွေကို စွန့်ခွာပြီး စစ်ကောင်စီကို ဆန့်ကျင်ခဲ့တာပါ။
 
အဲဒီလို အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ CDM ဝန်ထမ်းအချို့ ပူးပေါင်းပြီး စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရား ဆိုတဲ့ စစ်သုံးစစ်ကို အပြီးတိုင်ဖယ်ရှားရေး၊ ဒီမိုကရေစီရေး၊ တန်းတူညီမျှရေးနဲ့ သာယာဝပြောသော နိုင်ငံတော်သစ်တည်ဆောက်ရေး ဆိုသော မူဝါဒါလေးချက်ကို ကိုင်စွဲပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပေမယ့် တနှစ်ကျော်အကြာမှာ အခုလိုတရားဝင်ထုတ်ပြန်လာတာပါ။
 
“၂၀၂၂ ကတည်းက ဖွဲ့စည်းထားတယ် ဆိုသော်ငြားလည်း လူနည်းစုပဲ လုပ်ကိုင်နေတာ ဖြစ်တဲ့အတွက် တရားဝင် အဖွဲ့အစည်း ဖွဲ့စည်းတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီလို့ မထုတ်ပြန်ဖြစ်တာပါ။ ဒီကြားကာလမှာ ကျနော်တို့ မြေပြင်ဆင်းတယ်၊ မူဝါဒတွေ ချက်မှတ်တယ်၊ ဖွဲ့စည်းပုံလည်း ရေးဆွဲပြီးပြီ။ တဖြည်းဖြည်းလုပ်ရင်းနဲ့ လူအင်အားလည်း များလာတဲ့ အခြေအနေတခုမှာ အခုဆို အဖွဲ့အစည်းအင်္ဂါရပ်နဲ့လည်း ညီလာပြီပေါ့နော်။ အခုမှပဲ ပြည့်ပြည့်စုံစုံ ဖြစ်သွားလို့ အခုမှထုတ်ပြန်ရတာပါ ” လို့ ကိုဇော်လင်းထွန်းက ပြောပါတယ်။
 
လက်ရှိမှာတော့ ပြည်သူ့ဝန်ထမ်းများသမဂ္ဂမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ အများစု အပါအဝင် သမဂ္ဂအဖွဲ့ဝင်ဦးရေ သုံးဆယ်ကျော် ရှိနေပြီး CDM ဝန်ထမ်းတွေပူးပေါင်းထားတဲ့ ကျစ်လျစ်ခိုင်မာပြီးအားကောင်းတဲ့ သမဂ္ဂတရပ် ပေါ်ပေါက်လာဖို့ အခုလို ဖွဲ့စည်းလိုက်တာလို့ ပြောပါတယ်။
 
” ဒီကာလမှာ CDM ဝန်ထမ်း အများစုကလည်း မြေပြင်သွားပြီးတော့ သက်ဆိုင်ရာ နယ်မြေအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ တော်လှန်နေတာ ရှိတယ်ပေါ့နော်၊ အချို့ဝန်ထမ်းတွေကျတော့ အကြောင်းအမျိုးမျိုးကြောင့် သွားပြီးတော့ မထမ်းဆောင်နိုင်တဲ့ အခါမျိုးမှာ ပြင်ပကနေပြီးတော့ Supporting (အထောက်အပံ့) ပေးနိုင်ဖို့အတွက် ဖွဲ့စည်းလိုက်တာပေါ့နော် ” လို့ ကိုဇော်လင်းထွန်းက DNA ကို ပြောပါတယ်။
 
ဒါ့အပြင် သူတို့ ပြည်သူ့ဝန်ထမ်းများသမဂ္ဂအနေနဲ့ တက်လာတဲ့ အစိုးရကို အမှုထမ်းမယ်ဆိုတာထက် ပြည်သူတွေကိုပဲ အမှုထမ်းမယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တယ်လို့လည်း ကိုဇော်လင်းထွန်းက ဆက်လက်ပြီး ပြောပါတယ်။
 
ပြည်သူ့ဝန်ထမ်းများသမဂ္ဂအနေနဲ့ ဖွဲ့စည်းပြီးချိန်ကနေ လက်ရှိအချိန်ထိ CDM ဝန်ထမ်းတွေကို ဆက်သွယ်ပြီး အခက်အခဲဖြစ်နေသူတွေကို ထောက်ပံ့ပေးတာ၊ မြေပြင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး တော်လှန်ရေးလုပ်ငန်းစဉ်တွေထဲ ပါဝင်နိုင်အောင် ချိတ်ဆက်ပေးတာ၊ သမဂ္ဂအဖွဲ့ဝင် အင်အားပိုများလာအောင် ကြိုးပမ်းနေတာတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
 
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း တို့မှာရှိတဲ့ မြေပြင်က တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
 
” ကျနော်တို့မှာ ရရှိလာတဲ့ ရန်ပုံငွေကလည်း အများကြီးမဟုတ်တဲ့ အခါကျတော့ ရတဲ့ ရန်ပုံငွေနဲ့ Local PDF (ဒေသအခြေစိုက် PDF) တွေကို ထောက်ပံ့ပေးတယ်၊ သူတို့ဘက်ကနေ တခြား နည်းပညာအပိုင်းတွေ လိုအပ်လာရင်လည်း ကျနော်တို့ ဘယ်ဝန်ထမ်းတွေက ကူညီပေးနိုင်လဲပေါ့နော်၊ အဲကနေပြီးတော့ ကျနော်တို့ ပြန်ပြီး ကူညီပေးနေတယ်၊ ပြည်သူ့ဝန်ထမ်းများသမဂ္ဂမှာ မရှိတဲ့ အခြားနည်းပညာအပိုင်းတွေ ဆိုရင်တော့ ကျနော်တို့ ရှာဖွေပြီး ချိတ်ဆက်ပေးတယ် ” လို့လည်း ကိုဇော်လင်းထွန်းက ပြောပါတယ်။
 
ဒါ့အပြင် ပြည်သူ့ဝန်ထမ်းသမဂ္ဂအနေနဲ့ စစ်သုံးစစ် အမြစ်ဖြတ်ရေးအပါအဝင် မူဝါဒတူညီတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – Google