ဇူလိုင်၊ ၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ အရပ်သား ခြောက်ဆယ်ဦးအနက် ၄၆ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ၁၄ ဦးကို ပြန်လွှတ်ပေးခြင်း မရှိသေးဘူးလို့ ဒေသခံတွေထံမှ သိရပါတယ်။
“ ချောင်းကြားရွာနားမှာ ဖမ်းခံရတဲ့ ၁၂ ယောက်က အမျိုးသမီးနဲ့ ကလေးအပါအဝင် ခုနှစ် ယောက်ကို ပြန်လွတ်ပေးတယ်၊ ငါးယောက်က ပြန်မလွှတ်သေးဘူး။ မိဿလင်ကုန်းရွာ မှာက စစ်တပ်က ဝင်စီးတော့ အားလုံးပေါင်း ၄၈ ဦး အဖမ်းခံရတယ်ပေါ့နော်၊ အဲနေ့ညမှာပဲ ၁၃ ယောက် ပြန်လွှတ်တယ်၊ ၆ ရက်နေ့မှာတော့ ၂၆ ယောက်ပြန်လွှတ်တယ်၊ ကျန်တဲ့ ကိုး ယောက်က ပြန်မလွှတ်သေးဘူးပေါ့နော် ” လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၁၆)မှ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ကန့်ဘလူ မြို့နယ်မြောက်ပိုင်း ပင့်သာတိုက်နယ်၊ ချောင်းကြားနဲ့ အင်းမရွာ အနားမှာ တဲထိုးနေပြီး နေထိုင်လျက်ရှိတဲ့ စစ်ရှောင်ပြည်သူ ၁၂ ဦးကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ဒါ့အပြင် ဇူလိုင်လ ၅ ရက်မှာလည်း စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၃၆၃)မှ စစ်ကောင်စီတပ်ဖွဲ့တွေက မိဿလင်ကုန်းရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်းရှိ အရပ်သားပြည်သူ ၄၈ ဦးကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေက DNA ကို ဖြေဆိုထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးထားတဲ့ ချောင်းကြားရွာနဲ့ အနီးပတ်ဝန်းကျင်မှာ စစ်ရှောင်နေတဲ့ ပြည်သူ ၁၂ ဦးအနက် အမျိုးသမီး နဲ့ ကလေးသူငယ်အပါအဝင် ခုနှစ် ဦးကို တရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပြီး မိဿလင်ကုန်းရွာမှ အရပ်သားပြည်သူ ၄၈ ဦးအနက်မှ ၃၉ ဦးကို နှစ်ရက်အတွင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။
“ ပြန်လွတ်လာတဲ့ သူတွေထဲမှာ ရိုက်နှိက်ခံထားရတဲ့သူတွေလည်း ရှိတယ်၊ အဓိက အမျိုးသားတွေက ရိုက်နှိက်ခံထားရတယ်ပေါ့နော်၊ ဟိုမှာ မေးတာကတော့ ဟို PDF တွေကို အကူအညီပေးနေကြတာလား၊ သူတို့က ဘယ်မှာရှိလဲ။ PDF နဲ့ပတ်သက်ပြီး မေးပြီး ရိုက်တာလို့တော့ ပြောကြတယ် ” လို့ ဖမ်းဆီးခံရတဲ့သူနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့တွေ ပြန်လွှတ်ပေးခြင်းမရှိသေးတဲ့ အရပ်သား ၁၄ ဦးဟာဆိုရင် အသက်အရွယ်အစုံ အများစုက အမျိုးသားတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
“ သူတို့တွေတော့ နေရာမတူဘူးလေနော်၊ အရင်နေရာတွေမှာပဲလေ၊ ဘာဖြစ်လို့ ဖမ်းထားလဲတော့ မသိဘူးပေါ့နော်၊ ပြန်လွတ်လာတဲ့သူတွေလည်း ကြောက်နေကြတယ်၊ တချို့ဟိုက ကိစ္စတွေဆို မဖြေရဲကြဘူး၊ ကျန်တဲ့သူတွေ စစ်ဆေးမေးမြန်းတာပြီးရင်တော့ ပြန်လွှတ်ပေးမယ်လို့တော့ ပြောသွားတယ်တဲ့။ အခုက ကျန်တဲ့သူတွေအတွက်လည်း စိတ်ပူတာပေါ့ ” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။
လက်ရှိ ကန့်ဘလူမြို့နယ် မြောက်ဘက်ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိနေပေမယ့် ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်းမှာတော့ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေနဲ့ PDF တွေ ထိတွေ့တိုက်ပွဲ အနည်းငယ်ဖြစ်ပွားနေတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ တောင်ဘက်မှာတော့ စကစနဲ့ ပျူစောထီးပူးပေါင်းတဲ့ စစ်ကြောင်းပေါ့နော်၊ စစ်ကြောင်းက အားလုံးပေါင်းရင် သုံးကြောင်း ထိုးတယ်ပေါ့၊ ဘိုကုန်းရွာအနားမှာ အမှတ်တမဲ့ ရုတ်တရက် စစ်ကြောင်းတခုနဲ့ တိုးပြီး ပစ်ခတ်မှုဖြစ်တဲ့ ပုံစံမျိုးပါ။ ထိုးပြီးတော့ အခုတကြောင်းက ပြန်ဆုတ်သွားတယ်လို့ ပြောတယ်၊ နှစ်ကြောင်းကတော့ ကျန်နေသေးတယ်၊ အသေးစိတ်က မေးထားဆဲပါပဲ ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် ချောင်းကြားရွာ၊ အင်းမရွာအနီးပတ်ဝန်းကျင် ရွာနဲ့ မိဿလင်ကုန်းရွာမှ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံထောင်နဲ့ချီဟာ ဒီကနေ့အထိ နေရပ်ကို မပြန်လာရဲကြသေးဘူးလို့ ဆိုပါတယ်။
ဓာတ်ပုံ – RFA (ပုံဟောင်း)
ပုံစာ- စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားတွေကို ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီကဖမ်းဆီးထားစဉ်။