တကျော့ပြန်စစ်ပွဲတွေကြောင့် နေရပ်ပြန်နမ်ဆန်ယန်စစ်ရှောင်တွေ ထပ်ပြီးထွက်ပြေးနေရ၊ စစ်ကောင်စီဘက်က တပ်ဆုတ်တာမရှိရင် တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း KIA ပြော

ဇူလိုင်၊ ၆
 
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန် ကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေလို့ ဒေသခံတွေထပ်ပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချူပ် တည်ရှိရာ မြို့တော်လိုင်ဇာ အနီးရှိ နမ်ဆန်ယန်ကျေးရွာနားကို စစ်အုပ်စုက အင်အားဖြည့်တင်းတာတွေ လုပ်ခဲ့ပြီးနောက် အခုဇူလိုင် ၃ ရက်နေ့မှာ တိုက်ပွဲတွေထပ်ဖြစ်ခဲ့ပါတယ်။
ဒီအခြေအနေတွေကြောင့် နေရပ်ပြန်နေတာ‌ လေးနှစ်နီးပါး ရှိပြီဖြစ်တဲ့ စစ်ရှောင်တွေဟာ နောက်တကြိမ် ထပ်မံပြီးထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
လက်ရှိမှာ နမ်ဆန်ယန်ကျေးရွာအနီးက အိမ်ထောင်စု ၁၀၀ ကျော်လောက်ဟာ ဝိုင်းမော်မြို့က ကက်သလစ်ဘုရားကျောင်း၊ KBC ဘုရားကျောင်းတွေ အပါအဝင် နီးစပ်ရာ ဆွေမျိုးတွေနဲ့ စစ်ရှောင်ဒုက္ခသည်စခန်း တွေကို သွားရောက်ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
“ RC ဘက်မှာတော့ ၈၀ ကျော်တယ်လို့ ပြောတယ်။ လိုက်ဇာ ဘက်မှာလည်း ပြေးသွားတဲ့သူတွေလည်း ရှိတော့ ၁၀၀ ကျော်တော့ ရှိမယ်ထင်တယ်၊ တချို့တဝက်တော့ ကျန်ခဲ့တာ ရှိတယ်၊ ကျမတို့ရွာက စျေးရောင်းတဲ့သူတွေ သားအမိနှစ်ယောက်ကတော့ စျေးရောင်းရင်း နေခဲ့တယ်တဲ့ ထွက်မလာသေးဘူး၊ ကျမတို့ ရွာကတော့ ဒီအကုန်ရောက်လာတယ် အိမ်ထောင်စု ၁၇ ခုပေါ့။ ရွာကတော့ နန်ဆန်ယန်မှာပဲ အဓိကဖြစ်တော့ အဲဒီရွာကသူတွေပဲ လောလောဆယ်ကျမတို့က အဖွဲ့အစည်းတွေ ပြောပြထားတာရှိတယ်၊ မနေ့ကတော့ အဝတ်အစားတွေ ထပ်ပို့တာရှိတယ်။ အခုလက်ရှိအစိုးရက ဆန်တအိတ်ဆီပေးထားတယ် NGO တွေကျတော့ အဝတ်အစားတွေ ခြင်ထောင်တွေပေးထားတယ် “ လို့ နမ်ဆန်ယန်ကျေးရွာ ဒေသခံတဦးက DNA ကိုပြောပါတယ်။
အခု တိုက်ပွဲတွေဖြစ်နေတဲ့ နမ်ဆန်ယန်ကျေးရွာ ဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ မြန်မာစစ်တပ်တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပြီး ၂၀၁၈ ခုနှစ် နဲ့ ၂၀၁၉ ခုနှစ်လောက်မှာ ကျေးရွာအတွင်း ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။
အဲဒီတုန်းက အိမ်ထောင်စု ၂၀၀ ကျော်လောက်က နေရပ်ပြန်ခဲ့ကြပေမယိ့ လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေကြောင့်အခုလို ဒုတိယအကြိမ် ထွက်ပြေးနေရှောင်နေကြရတာလို့ စစ်ရှောင်ကူညီသူတွေက ဆိုကြပါတယ်။
“ သူတို့ ကျည်ဆံတွေကြားထဲကနေ ညနေစောင်းလေးမှာ ရောက်လာကြတာပေါ့။ ၂၀၁၉ လောက်က (ရွာ) ပြန်သွားတဲ့ အဖွဲ့တွေပေါ့။ သူတို့က ၂၀၁၁ နဲ့ ၂၀၁၉ လောက်တုန်းက လိုင်ဇာ စစ်ရှောင်စခန်းမှာ နေခဲ့ပြီးမှ နည်းနည်းအဆင်ပြေတော့ အိမ်လွမ်းတာကော လုပ်ကိုင်စားသောက်ဖို့အတွက် ၂၀၁၉ မှာ ရွာကိုပြုပြင်ဖို့ သွားခဲ့တာပါ။ အဆင်တော့ မပြေကြဘူးပေါ့နော် ဒါပေမယ့် ရွာမှာကျတော့ လယ်ရှိတယ် ခြံရှိတယ် အဓိကအားဖြင့် လုပ်ကိုင်စားဖို့ သူတို့ကသွားနေတဲ့အခါ ဒီလိုဖြစ်လာတာပေါ့နော်၊ ရွာမှာက ခြံတွေလယ်တွေ လုပ်ကြတယ် မုန့်ညှင်းဆီ လုပ်ကြတယ် ဒီလိုဖြစ်လာမယ်လို့ မထင်ကြဘူး ဒါပေမယ့် ဒီလိုဖြစ်လာတော့ မတက်နိုင်ဘူးပေါ့နော်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးရှိကြတယ် “ လို့ စစ်ရှောင်တွေကို ကူညီသူတဦးကလည်း ပြောပါတယ်။
နမ်ဆန်ယန်ကျေးရွာက နေရပ်ပြန်စစ်ရှောင်ပြည်သူတွေဟာ ကျေးရွာအတွင်း ဖွံ့ဖြိုးရေး ကိစ္စတွေကို အစိုးရနဲ့ ပူးပေါင်းလုပ်နေစဉ်အတွင်းမှာပဲ အခုလို ထပ်မံစစ်ရှောင်ခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
“ သူတို့က ဒီလိုစစ်သံတွေကြားမှာ ပြေးခဲ့ရတယ်၊ ၃ ရက်နေ့မိုးမလင်းခင်ကတည်းက စစ်ဖြစ်ကြတယ်၊ သူတို့လည်း ဘုရားကျောင်းတွေမှာ စုဖွံ့ရေးပုံစံတွေ တအားလုပ်ကြတယ်၊ နေရပ်ပြန်ဆိုပြီး အရမ်းပြုပြင်နေတဲ့ အချိန်လည်း ဟုတ်တယ်၊ ကိုယ်ရပ်ရွာမှာ လုပ်ကိုင်စားရတော့ သူတို့အရမ်းပျော်ကြတယ်၊ လေးနှစ်လောက်ကြာမှာ အခုလိုဖြစ်တော့ အရမ်းကို စိတ်မကောင်းကြဘူး၊ ငိုလည်းငိုကြတယ်၊ ဝက်တွေသစ်ပင်တွေ စိမ်းလန်းခါစ ရှိသေးတယ် ပျက်ဆီးသွားတဲ့ အိမ်တွေလည်း ပြုပြင်ခါစ ရှိသေးတယ် မြေလည်း ပြုပြင်ရတယ် လယ်က မြေရိုင်းလိုလိုဖြစ်နေတော့ ပြုခါစပေါ့နော် “ လို့ နမ်ဆန်ယန်ကစစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပြပါတယ်။
နှစ်ဖက်ထိတွေ့ တိုက်ပွဲတွေကြောင့် KIA နယ်မြေက လဂတ်ကောင်တပ်စခန်းကို နောက်ဆုတ်ပေးလိုက်ရပေးခဲ့ရသလို နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်း မြေပြင်စစ်ရေးသတင်း ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။
ဒီလ ၄ ရက်နေ့မှာ လိုင်ဇာခရိုင် KIO အုပ်ချုပ်ရေးရုံးကလည်း လိုင်ဇာခရိုင်အတွင်း စစ်အုပ်စုက စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ သတိထားသွားလာဖို့ စာထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဗန်းမော်-မြစ်ကြီးနား ကားလမ်းတစ်လျှောက် အသွားအလာပြုလုပ်နေတာတွေကို အတတ်နိုင်ဆုံး သတိထား ရှောင်ကြဖို့ အပါအဝင် မဖြစ်မနေ သွားလာရမယ့် အခြေအနေတွေမှာ စစ်ရေးအခြေအနေကို စုံစမ်းပြီးမှ သွားလာကြဖို့ အသိပေးထားပါသေးတယ်။
နမ်ဆန်ယန်ကျေးရွာအတွင်း စစ်အုပ်စုက စခန်းချ နေထိုင်လိုတဲ့ အတွက်ကြောင့် အခုလို ထိုးစစ်ဆင်လာတာဖြစ်နိုင်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/KIA) သတင်းနဲ့ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဒေသတွင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။
စစ်ကောင်စီဘက်က စစ်ကြောင်းထိုးပြီး တပ်ဆုတ်တာမျိုး မရှိဆိုရင် တိုက်ပွဲပိုပြင်းထန်လာနိုင်ပြီး အချိန်ကြာမြင့်နိုင်တယ်လို့လည်း ဒေသတွင်းအခြေအစိုက် မြစ်ကြီးနားသတင်းဌာနမှာ ဗိုလ်မှူးကြီးနော်ဘူက ဆိုထားပါတယ်။
တကျော့ပြန် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေကတော့ တိုက်ပွဲတွေအေးချမ်းသွားရင် ကိုယ့်ရပ်ရွာမှာပဲ ပြန်လည်နေထိုင်ချင်တယ်လို့ ဆိုကြပါတယ်။
“ ကျမက ကိုယ့်အိမ်ပြန်ချင်တယ် ဒါပေမယ့် အဲ့နေရာမငြိမ်ချမ်းဘူးဆိုတော့ စိတ်ပူတယ်၊ ပြန်ချင်စိတ်တော့ ရှိတယ် နေဖို့ရာကျ အဆင်မပြေတော့ဘူး၊ တောထဲတောင်ထဲ မသွားရဲဘူး၊ မြေမြုပ်မိုင်းတွေ ရှိတယ်။ တိုက်ပွဲတွေကျတော့ ကျမတို့က မကြိုက်ဘူးပေါ့ အမှန်တိုင်းပြောရရင် တိုက်ပွဲဖြစ်တာကို အရမ်းမုန်းတယ်။ လုပ်ကိုင်စားသောက်နေရတယ် ရွာမှာနေတုန်းကဆိုလည်း စစ်ဖြစ်တာ တောက်ရှောက်ပဲ ကျမတသက်ရှိပြီးပေါ့ နှစ်ခါပြေးရတာ ကျမငယ်ငယ်တုန်းက တခါ စစ်ပြေး တခုတခါ စစ်ပြေးဆိုတော့ နှစ်ကြိမ်၊ အဖေတို့ခေတ်ကလည်း သုံးကြိမ်လားမသိဘူး၊ အဲရွာမှာနေမယ်ဆိုရင် နည်းနည်း အဆင်ပြေလာရင် ပြန်ပြေးရ အဲလိုဖြစ်တာ စစ်ပွဲမဖြစ်ရင် ကောင်းတယ် မြန်မြန်ငြိမ်ချမ်းချင်တယ် “ လို့ သူကဆိုပါတယ်။
လက်ရှိမှာလည်း လိုင်ဇာဒေသတွင်း နှစ်ဖက်တိုက်ပွဲကြောင့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းကို ပိတ်ထားတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။
Website တွင် ကြည့်ရှုရန် >>>
 
ဓာတ်ပုံ – Shan News/ KSPVN/ CJ