ဇူလိုင်၊ ၅
ရန်ကုန်တိုင်းအတွင်း ခရိုင်လေးခုမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနှစ်ခု အပါအဝင် ဌာနဆိုင်ရာနဲ့ စစ်ဆေးရေးဂိတ်တခု စုစုပေါင်းခြောက်နေရာကို မနေ့ကညပိုင်းက တညတည်း တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေက ထုတ်ပြန်သလို ရန်ကုန်မြို့ခံတွေကလည်း ကျယ်လောင်တဲ့ ပေါက်ကွဲသံတွေ ကြားရကြောင်း ပြောကြပါတယ်။
” ညတုန်းကတော့ ငါးထိပ်နားမှာ ပွက်လောရိုက်နေတာပဲ၊ လူနာတင်ကားသံတွေလည်း ကြားတော့ သူတို့ဖက်က ထိပုံရပါတယ်၊ အသံကလည်း တော်တော်ကိုပြင်းတယ်၊ ဒီမနက်ကတော့ အလုပ်သွားတဲ့အထိ တံတားပေါ်မှာရော ဘာရော အစစ်အဆေးတော့ သိပ်မရှိဘူး၊ လမ်းတွေလည်း ရှင်းနေတယ်၊ ဖမ်းတာဆီးတာကတော့ ထုံးစံအတိုင်း ပြီးရင် မဆိုင်တဲ့လူငယ်တွေ လျှောက်ဖမ်းမှာပေါ့၊ သူတို့ ဒါပဲလုပ်တတ်တာ ” လို့ လှိုင်သာယာမြို့ခံတဦးက DNA ကိုပြောပါတယ်။
ဗဟန်းမြို့နယ်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဦးစီးဌာန၊တောင်ဥက္ကလာပမြို့နယ်တရားရုံး၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနဲ့ အောင်ချမ်းသာ အစပ်ကြား တပင်ရွှေထီး လမ်းမပေါ်က စစ်ကောင်စီတပ်သားတွေ ထိုင်တဲ့စစ်ဆေးရေးဂိတ်တွေ မနေ့ညက တိုက်ခိုက်ခံရတာလို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း လှိုင်ယာသာ အရှေ့ပိုင်း ရဲစခန်းနဲ့ သန်လျင်က စစ်ဆေးရေးတိုက်ခိုက်မှုတို့မှာ စစ်ကောင်စီတပ်သား သုံးဦးထက်မနည်း ထိခိုက်မှုရှိတယ်လို့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကို Anonymous Fighters Force – AFF က ဦးဆောင်ပြီး Freeland Attack Force-FLA ၊ Phoenix Urban Guerrilla Force၊ Emerald Girls Army – EGA၊ Rangoon Urban Force တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းကင်း ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗဟန်းမြို့နယ် ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနနဲ့ မူပိုင်ခွင့်နဲ့မှတ်ပုံတင်ဦးစီးဌာန ရုံးဝန်းအတွင်း ပေါက်ကွဲမှုဖြစ်စဥ်မှာ အဆောက်အဦအနည်းငယ် ထိခိုက်ပျက်ဆီးတာမျိုး ရှိပေမယ့် ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူးလို့ ဒေသခံသတင်းအရင်းအမြစ်တဦးက DNAကို ပြောပါတယ်။
” လဝက ရုံးဘက်အခြမ်းမှာ နည်းနည်းပါ၊ မပြောပလောက်ပါဘူး ထိတာက၊ လူထိတာတော့ မရှိဘူး၊ ပေါက်ပြီးတော့ ဗုံးထပ်ရှိသေးလားဆိုပြီး ရှာသေးတယ်၊ အားလုံးကင်းရှင်းပြီဆိုတော့မှ သူတို့ (စစ်ကောင်စီတပ်နဲ့ရဲ)ထွက်သွားကြတာ ” လို့ ဒေသခံသတင်းအရင်းအမြစ်တဦးက ပြောပါတယ်။
ဓာတ်ပုံ – Google