ဇွန်လအတွင်း ကရင်နီဒေသတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ဝန်းကျင်သေဆုံး ခဲ့တယ်လို့ KNDF ပြော

ဇူလိုင်၊ ၅
 
ပြီးခဲ့တဲ့ ဇွန်လအတွင်း ကရင်နီဒေသက တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဆယ်ဝန်းကျင် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
ဇွန်လအတွင်း ကရင်နီဒေသမှာ မယ်စဲ့မြို့နယ် တပတ်ကြာတိုက်ပွဲ၊ ရွာသစ်-ဘောလခဲ လေးရက်ကျော်ကြာတိုက်ပွဲ တွေအပြင် မိုးဗြဲ၊ လွိုင်ကော်၊ ရှားတော၊ ဖရူဆို၊ ဒီးမော့ဆို မြို့နယ်တို့မှာ ထိတွေ့တိုက်ပွဲ ၂၃ ကြိမ်နဲ့ ဖယ်ခုံမြို့တွင်းမှာ လည်းတိုက်ပွဲငယ်တွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
 
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ငါးဆယ်ဝန်းကျင် သေဆုံးသလို လက်နက်ခဲယမ်း အမြောက်အများကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး KNDF ဘက်ကတော့ တပ်ဖွဲ့ဝင် သုံးဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ကရင်နီဒေသတိုက်ပွဲတွေမှာ ကရင်နီတပ်မတော် KA၊ KNDF၊ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ မြို့ပြတော်လှန်ရေးတပ်ဦး URF နဲ့၊ ပြီးခဲ့တဲ့လအတွင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလာတဲ့ ကလလတ KNPLF တပ်ဖွဲ့တို့ပါ ဝင်ရောက်တိုက်ခိုက်နေတာဖြစ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ကျဆုံးအရေအတွက် အခုထက်ပိုရှိနိုင်ပါတယ်။
 
တခြားတပ်ဖွဲ့တွေရဲ့ ကျဆုံးမှုစာရင်းကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီဘက်ကတော့ ဇွန်လ ၅ ရက်ကစလို့ မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်ခဲ့တဲ့ တိုက်ပွဲတခုတည်းမှာတင် နှစ်ဆယ်ကျော်သေဆုံးခဲ့တာလို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီစခန်းတွေနဲ့ ရဲစခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရတဲ့ သီတင်းပတ်တခုကျော်ကြာ တိုက်ပွဲတွေဟာ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တဲ့ တိုက်ပွဲတွေလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောထားပါတယ်။
 
စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုအခြေအနေတွေကို အသေးစိတ်ထုတ်ပြန်ဖော်ပြလေ့ မရှိပါဘူး။
 
ပြီးခဲ့တဲ့ တလတာအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီး အလွန်အကျွံ သုံးစွဲတိုက်ခိုက်ခဲ့သလို မြေပြင်စစ်ကြောင်းတွေကလည်း ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်ခဲ့တာကြောင့် စုစုပေါင်း ဒေသခံအရပ်သား ၃၃ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ KNDF က ပြောပါတယ်။
 
မိုးဗြဲမြို့ ထိုးစစ်တခုတည်းမှာပဲ ဒေသခံ အမျိုးသား နှစ်ဆယ်ဦး၊ အမျိုးသမီး သုံးဦးနဲ့ အသက် ဆယ်နှစ်ဝန်းကျင်အရွယ် ကလေးတဦး စုစုပေါင်း ၂၄ ဦး သတ်ဖြတ်ခံရကြောင်း ရုပ်အလောင်းတွေနဲ့တကွ အတည်ပြုထားနိုင်ပြီး ပျောက်ဆုံးနေသူတွေနဲ့ ရုပ်အလောင်း ပြန်မရသေးသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
 
ကရင်နီဒေသတွင်းမှာ တိုက်ပွဲတွေပိုမိုပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပဋိပက္ခဒေသ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဒေသခံလူထုကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်သတ်ဖြတ်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက DNA ကိုပြောထားပါတယ်။
” လူထုက ပိတ်မိတဲ့ အခြေအနေလည်း ပိုဖြစ်တာပေါ့၊ အထူးသဖြင့် မိုးဗြဲမှာ ဖြစ်သွားတဲ့ဟာက လူထုတွေကို ရည်ရွယ်ချက်ရှိရှိပေါ့နော် ပစ်ခတ်တိုက်ခိုက် ဖမ်းဆီးသတ်ဖြတ်တဲ့အတွက်ကြောင့်မို့ သေဆုံးမှုတွေ ပိုများလာတယ် ” လို့ သူက ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မိုးဗြဲဒေသခံ သုံးဦး၊ ဘောလခဲ ဒေသခံ တဦး၊ လွိုင်ကော် ဒေသခံ တဦး၊ဖ ရူဆိုမြို့နယ်မှာ တဦး၊ ဖားဆောင်း ဒေသခံ လေးဦး စုစုပေါင်း ဆယ်ဦး သေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ဓာတ်ပုံ – KNDF