ကမ္ဘာ့ ပျမ်းမျှ အပူဆုံးနေ့ စံချိန်သစ်တင်

ဇူလိုင်၊ ၅

တိုင်းတာမှုတွေ စတင်ပြုလုပ်လာချိန် ကတည်းက တကမ္ဘာလုံးမှာ အပူဆုံး နေ့ကို မှတ်တမ်း တင်နိုင်ခဲ့ကြောင်း အမေရိကန် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ခန့်မှန်းမှုစင်တာ (NCEP) က ကြေညာပါတယ်။

ဇူလိုင် ၃ ရက်နေ့က တကမ္ဘာလုံးရဲ့ ပျမ်းမျှ အပူချိန်ဟာ ၁၇.၀၁ ဒီဂရီ ဆဲလ်ဆီးရပ်စ် ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတုန်းက တင်ထားခဲ့တဲ့ ၁၆.၉၂ ဒီဂရီ ဆဲလ်ဆီးရပ်စ် စံချိန်ဟောင်းကို ကျော်တက်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ရာသီဥတု ပူနွေးမှုဖြစ်စဉ်က ဆက်တိုက် အရှိန်တက်လာနေတယ်ဆိုတဲ့ ထင်ရှားမြင်သာတဲ့ အထောက်အထား တခုလို့ NCEPက သတိပေးခဲ့ပါတယ်။

လက်ရှိ အခြေအနေအရ အမေရိကန် တောင်ပိုင်းမှာ အပူချိန် ထိုးတက်နေသလို တရုတ်နိုင်ငံ အစိတ်အပိုင်း တချို့မှာလည်း အပူလှိုင်း ဒဏ်ကို ခံနေရဆဲ ဖြစ်ပါတယ်။ မြောက်ပိုင်း အာဖရိက နိုင်ငံတချို့မှာတော့ နေ့အပူချိန်ဟာ ၅၀ ဒီဂရီ ဆဲလ်ဆီးရပ်စ် ဝန်းကျင်လောက်ထိ ရောက်ရှိနေခဲ့ပါတယ်။ 

အစဉ်အမြဲ ရေခဲဖုံးနေတဲ့ အန္တာတိက တိုက်မှာတော့ လောလောဆယ် ဆောင်းရာသီ ကျရောက်နေပေမယ့် အအေးဓာတ်ဟာ အရင်ကထက် လျော့ပါးလာတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စံချိန်သစ် တခုနဲ့ ကြုံခဲ့ရတယ် ဆိုပေမယ့် လူတွေက ပျော်ရွှင်နေရမှာ မဟုတ်ကြောင်း၊ ဒါဟာ လူသားတွေနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် သေဒဏ် စီရင်ချက် ချမှတ်မှုမျိုးနဲ့တောင် တူနေကြောင်း ဗြိတိန်နိုင်ငံ၊ လန်ဒန် အင်ပီရီရယ် ကောလိပ်ရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာရှင် ဖရက်ဒရစ် အော့တိုက ပြောကြားသွားပါတယ်။

ကမ္ဘာ့ရာသီဥတု ပူပြင်းလာခြင်းဟာ လောလောဆယ် ဖြစ်ပေါ်နေတဲ့ အယ်လ်နီညို အပူလှိုင်းဖြတ်မှု ဂယက်နဲ့လည်း ဆက်စပ်နေတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

သစ်တောတွေ ပြုန်းတီးတာ၊ ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှု မြင့်တက်လာတာစတဲ့ အခြေခံ အကြောင်းရင်းတွေကြောင့် ကမ္ဘာ့ ရာသီဥတု ဖောက်ပြန် ပြောင်းလဲမှု အရှိန်မြင့်လာပြီး ကမ္ဘာကြီး ပူနွေးမှုကလည်း ပိုမို ဆိုးရွားလာနေကြောင်း NCEPက ထုတ်ပြန်ထားပါတယ်။

 

Ref: Reuters