လုပ်သားရှားပါးမှု၊ သွင်းအားစုစျေးနဲ့စရိတ်ကြီးမြင့်မှု ရင်ဆိုင်နေရတဲ့ မိုးစပါးစိုက်တောင်သူများ

ဇူလိုင်၊ ၅
 
မွန်ပြည်နယ်အတွင်း ယခုနှစ် မိုးစပါး စိုက်ပျိုးရာသီမှာ လုပ်သားရှားပါးမှု၊ သွင်းအားစု စျေးတွေ မြင့်တက်တာနဲ့ လုပ်အားခ ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ တောင်သူတွေထံမှ သိရပါတယ်။
 
“ ခက်တာက ပြောမနေနဲ့၊ အလုပ်သမား ဘယ်လိုမှ ခေါ်လို့မရဘူး၊ ရွာခံတွေလည်း မရ၊ တခြားနယ်ကလည်း မရ၊ တော်တော် အခြေအနေဆိုးနေတယ်၊ အလုပ်မပြီးသေးဘူး၊ ပျိုးပင်တွေလည်း ရင့်နေပြီ နုတ်ဖို့ကအစ၊ ကောက်စိုက်ဖို့ကလေ၊ တော်တော်လေးကို မလွယ်ဘူး၊ နောက် လုပ်အားခကလည်း ပြောမနေနဲ့ ပိုပေးပြီး ခေါ်နေရတယ်၊ ဒါတောင်မရဘူး၊ အများကြီးပါပဲ၊ အခက်အခဲတွေ ကြုံနေရတာ ”လို့ ပေါင်မြို့နယ်က မိုးစပါးဧက နှစ်ဆယ်ကျော်စိုက်ပျိုးထားတဲ့ တောင်သူ ဦးထွန်းစိန်က DNA ကို ပြောပါတယ်။
 
လက်ရှိအချိန်မှာ ပျိုးပင်တွေ ရင့်သန်လာပြီဖြစ်လို့ အချိန်မီနှုတ်ယူပြီး ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်နှုတ်သူတွေနဲ့ ကောက်စိုက်သမားတွေကို နယ်ခံတွေနဲ့ တခြားဒေသက ရွှေ့ပြောင်းအလုပ်သမားတွေကို တောင်သူဦးကြီးတွေက အပြိုင်ဆိုင်ခေါ်ယူနေရတာ ဖြစ်ပါတယ်။
 
ဒီလို မိုးစပါး စိုက်ပျိုးရာသီမှာ နယ်မြေခံလုပ်သား အများစုကလည်း စားဝတ်နေရေးနဲ့ ကုန်ကျစရိတ်ကြီးမြင့်မှုတွေကြောင့် တခြား အိမ်နီးချင်းနိုင်ငံဘက်ကို သွားရောက် အလုပ်လုပ်ကိုင်ကြသူတွေ များလာတာနဲ့ ရွေ့ပြောင်းလုပ်သားတွေကလည်း သွားလာရေး အခက်အခဲတွေနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ခေါ်ယူဖို့ ခက်ခဲနေတာဖြစ်တယ်လို့ တောင်သူဦးကြီးတွေက ဆိုကြပါတယ်။
 
မိုးစပါးစိုက်ပျိုးရာသီရောက်တိုင်း မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသ၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန် အစရှိတဲ့ ဒေသအသီးသီးက ကောက်စိုက်သမ ရွေ့ပြောင်းလုပ်သားတွေ အစုအဖွဲ့အလိုက် မွန်ပြည်နယ်ဘက်ကို လာရောက်အလုပ်လုပ်ကိုင်ကြလေ့ ရှိပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရွေ့ပြောင်းလုပ်သား လာရောက်မှု ထက်ဝက်နီးပါး လျော့ကျသွားတယ်လို့ ဆိုပါတယ်။
 
ပဲခူးတိုင်း၊ မြို့နယ်တမြို့နယ်က ရွှေ့ပြောင်းကောက်စိုက်လုပ်သားအဖွဲ့ခေါင်းဆောင် မလှမြင့်ကတော့ “ ကျွန်မတို့ဒေသတွေ ဘက်မှာက တိုက်ပွဲ ဖြစ်နေတာလေ၊ လာချင်တာမှ လာလုပ်ချင်ကြတာ၊ တကယ်တမ်း လာဖို့ကျတော့ ဘယ်လိုမှ မလွယ်ကူဘူးနော်၊ ဒီကို ရောက်ဖို့ လာတဲ့ လမ်းတလျှောက်မှာ စစ်ဆေးတာတွေ၊ မေးမြန်းတာတွေ ရှိတယ်၊ ပြီးတော့ ဒီကိုရောက်တော့ ဧည့်စာရင်းကိစ္စ ရှိသေးတယ်၊ နောက်ပြီး ကိုယ့်ရွာကနေ ထွက်ခွာပြီး လာလုပ်ဖို့ကလည်း ဟိုမှာက စစ်သားတွေက ခရီးဝေး ပေးမထွက်တာရှိတယ်၊ ကျွန်မတို့ဆို ခိုးထွက်လာတာ၊ အခုကျွန်မအဖွဲ့ဆို လူသုံးဆယ်လောက်နဲ့ မထွက်လို့လည်း မရဘူးလေ၊ ကျွန်မတို့က ပိုက်ဆံ စရံငွေ နည်းနည်းကြိုထုတ်ထားတာ ရှိတယ်၊ အဲဒီတော့ သူများငွေယူထားတော့ အလုပ်ကို မဖြစ်မနေ လာလုပ်ရမှာပေါ့ ” လို့ ပြောပါတယ်။
 
ဒါ့အပြင် လုပ်အားခစရံငွေ ကြိုထုတ်ထားတဲ့ ရွေ့ပြောင်းလုပ်သမားတချို့လည်း အလုပ်လာလုပ်လို့ မရတဲ့ ပြဿနာတွေ ရှိနေပြီး တချို့ဆို တောင်သူအလုပ်ရှင်တွေထံ လျှော်ကြေးငွေ ပြန်လည်ပေးဆောင်ရတဲ့ ဖြစ်စဉ်မျိုးတွေလည်း ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
 
စစ်တပ်အာဏာမသိမ်းခင်က နယ်ခံလုပ်သား ကောက်စိုက်ခ တရက်ကို ခြောက်ထောင်ကျပ်၊ ရွေ့ပြောင်းလုပ်သား ကောက်စိုက်ခ တရက်လျှင် လေးထောင်ကျပ် ပေးဆောင်ရပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်ခံလုပ်သား ၁၂,၀၀၀ ကျပ်အထက်နဲ့ ရွေ့ပြောင်းလုပ်သား ကိုးထောင်ကျပ် ပေးရတာဖြစ်ပါတယ်။
 
ကောက်စိုက်သမား အယောက်နှစ်ဆယ်ဦးကို တရက်လျှင် လယ်သုံးဧကအထိ စိုက်ပျိုးနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
 
ဒါ့အပြင် ပျိုးပင်နှုတ်ခ အနေနဲ့ ယခင်က အပင်တရာကို ကျပ် ၂၅,၀၀၀ ကျပ်ရှိပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း ပျိုးပင်တရာကို ငွေခြောက်ထောင်ကျပ် လုပ်အားပေးရပြီး လူတဦးလျှင် တရက်ကို ပျိုးပင် ငါးရာအထိ နှုတ်ယူနိုင်တယ်လို့ သိရပါတယ်။
 
ကောက်စိုက်ခတွေအနေနဲ့ နယ်ခံကောက်စိုက်သူတွေဟာ အခြားရွေ့ပြောင်းလုပ်သားတွေထက် လုပ်ငန်းခွင်ဝင်ချိန် စောတာ၊ အလုပ်ဆင်းချိန် နောက်ကျတာနဲ့ ရေမြေအကြောင်း ပိုသိပြီး အလုပ်တွင်ကာ စည်းစနစ်ကျ မြန်မြန်ပြီးတဲ့အတွက် ဈေးပိုပေးရတာ ဖြစ်တယ်လို့ ပြောကြပါတယ်။
 
“ ကိုယ့်နယ်ခံဆို ရေမြေအကြောင်း သိတယ်လေ၊ အလုပ်ပြီးတာ မြန်တယ်၊ မနက် ၆ နာရီ အလုပ်ဝင်တယ်၊ ညနေ ၆ နာရီခွဲမှ အလုပ်သိမ်းတယ်၊ ရွေ့ပြောင်းလုပ်သားတွေက မနက် ၇ လောက်မှ စတယ်၊ ညနေ ၅ ခွဲလောက်ဆို နားကြပြီ၊ အဲဒါကြောင့် နယ်ခံဆို ပိုက်ဆံ ပိုပေးရတာပါ။ ရွေ့ပြောင်းကိုကျတော့ ထမင်းကျွေးရတယ်၊ နယ်ခံက ထမင်းမကျွေးရဘူးပေါ့နော် ” လို့ တောင်သူ ဦးထွန်းစိန်က ဆိုပါတယ်။
 
တစ်ဖက်မှာလည်း လုပ်သားရှားပါးမှုအပြင် လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်တဲ့ သွင်းအားစု ကုန်ကျစရိတ်တွေကလည်း သုံးဆနီးပါး ကြီးမြင့်လာတဲ့ဒဏ်ကို တောင်သူတွေက ပြင်းပြင်းထန်ထန်ကို ခံစားနေရတယ်လို့ ပြောပါတယ်။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်က စစ်တပ်က အာဏာမသိမ်းခင်က ဓါတ်မြေဩဇာ တအိတ်ကို ၂၅,၀၀၀ ဝန်းကျင်ကနေ ၃၅,၀၀၀ ဝန်းကျင်အထိ ရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် ဓါတ်မြေဩဇာတအိတ်ကို ကိုးသောင်းကျပ် နဲ့ အထက်မှာ ရှိလာတယ်လို့ ဆိုပါတယ်။
 
ဒါကြောင့် မျိုးစေ့၊ ဓါတ်မြေဩဇာ၊ လုပ်သားစရိတ်နဲ့ အထွေထွေကုန်ကျစရိတ်အားလုံးပေါင်းရင် လယ်တဧကကို ငွေကျပ် လေးသိန်းခွဲ အထက်မှာ ကုန်ကျမှုရှိနေပြီး စပါးအထွက်နှုန်းကောင်းပါက တဧကကို စပါးတင်းငါးဆယ်နဲ့ တင်းခြောက်ဆယ်ကြား ထွက်ရှိတယ်လို့ ဆိုပါတယ်။
 
“ အခုချိန်တော့ စပါးကတော့ ဈေးကောင်းနေတာပေါ့၊ ဒါပေမယ့် စပါးထွက်တဲ့အချိန်ကျရင်တော့ တင်းတရာမှ ပေါက်ဈေးက ၁၃ သိန်းဝန်းကျင်လောက်ပဲ ရှိတယ်၊ ဒါက တော်တော်ကို အထွက်ကောင်းတာကို ပြောတာနော်၊ ပုံမှန်ထွက်နေတာက လေးဆယ် လောက်ပါပဲ၊ နောက်ပိုင်းက ရာသီဥတု ဖောက်ပြန်တာမျိုးတွေ စပါးစိုက်ခင်းပျက်တာနဲ့ ပိုးကျတာ များပါတယ် ” လို့ သထုံမြို့နယ်မှ မိုးစပါးစိုက်တောင်သူ ဦးလေးမြိုင်က ပြောပါတယ်။
 
ဒီလိုမျိုး ပျိုးပင်ရင့်သန်ချိန်မှာ လုပ်သားရှားမှုနဲ့ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှု ပြဿနာတွေကြောင့် တချို့တောင်သူတွေက ကြဲခင်းစနစ်ကို အသုံးပြုလာကြတယ်လို့ ဆိုပါတယ်။
 
“ ကြဲခင်းကတော့ ကောက်မစိုက်ရဘူး၊ အလုပ်သမားစရိတ် မကုန်ဘူးပေါ့နော်၊ သူက ဓါတ်မြေဩဇာက တဧကကို သုံးအိတ်လောက် ထည့်ပေးရတယ်၊ ဝဲပိုကူပေးရတယ်၊ အထွက်ကလည်း အရမ်းကောင်းမှ တဧက တင်း လေးဆယ် ဝန်းကျင်လောက် အများဆုံးပဲ၊ အဲနှစ်က ရာသီဥတုနဲ့ ပိုးမကျရင်တော့ ငါးဆယ်လောက်ထွက်တာပေါ့၊ ဒီလိုအလုပ်သမားရှားတာဆို သူနဲ့အဆင်ပြေတယ်၊ စိုက်ယူတာက ဝဲက တအိတ်ခွဲလောက်ပဲ ထွက်တာပေါ့နော်။ စိုက်ခင်းကတော့ အထွက်နှုန်းနည်းနည်းကောင်းတာပေါ့နော်။ တချို့ဆို အလုပ်သမား ပြဿနာတွေ မရတာရှိတော့ ကြဲခင်းဘက်ကို ပြောင်းလာတာရှိတယ် ” လို့ ဦးလေးမြိုင်က ဆက်ပြောပါတယ်။
 
မွန်ပြည်နယ်မှာဆိုရင် မိုးစပါးစိုက်ပျိုးလယ်ဧက ခုနှစ်သိန်းကျော်ရှိပြီး မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေအတွက် ကျပ်သန်းပေါင်း ငါးသောင်း နီးပါးကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပြီး ထွက်ရှိလာတဲ့ မိုးစပါးတွေကိုတော့ ဒေသတွင်း စားသုံးမှုအပြင် တခြားတိုင်းနဲ့ပြည်နယ်တချို့ကိုလည်း တင်ပို့ရောင်းချနေတာလည်း ဖြစ်ပါတယ်။
 
စစ်ကောင်စီလက်အောက်ခံ လက်အောက်ခံ မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်အနေနဲ့လည်း မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေအတွက် လယ်တဧကကို ကျပ်တသိန်းခွဲနှုန်းနဲ့ တဦးကို အများဆုံး ဆယ် ဧကအထိ ထုတ်ချေးပေးနေပေမယ့် အဲဒီငွေပမဏကအလုပ်သမား စရိတ်တောင်မရဘူးလို့ တခြားမိုးစပါးစိုက်လယ်ပိုင်ရှင်တဦးက ပြောပါတယ်။
 
“ ဘယ်လို လောက်မှာတုန်းငါ့ညီ၊ မင်းတို့ ဘာမှမသိဘူးကွာ၊ အခုက ဟိုခေတ်တုန်းကလို မဟုတ်ဘူး၊ အကို့မှာ လယ်ဧက သုံးဆယ်လောက်ရှိတယ်၊ ဆယ်ဧကစာလောက်ပဲ ရမယ် ၁၅ သိန်း၊ အဲဒါကွာ အလုပ်သမားစရိတ်နဲ့ တခြားစရိတ်နည်းနည်းပါးပါးဆို ကုန်ပြီး ဘာမှ ကျန်မှာမဟုတ်ဘူး ” လို့ ပြောပါတယ်။
 
လက်ရှိကာလမှာ စပါးစိုက်တောင်သူတွေဟာ လုပ်သားရှားပါးတာ၊ သွင်းအားစုနဲ့လုပ်အားခတွေ မြင့်တက်နေပေမယ့် စိုက်ပျိုးစရိတ် ချေးငွေ နည်းပါးသေးတာ၊ စပါးထွက်ချိန်စျေးနှုန်း မတည်ငြိမ်တာတွေအတွက် အခုလို ညည်းတွားပြောဆိုပါတယ်။
 
” လယ်လုပ်ရတာလည်း စိတ်ပျက်ဖို့ကောင်းတယ်၊ အေးကွာ၊ ပြောလို့ရရင်၊ အစိုးရလူကြီးတွေ လယ်သမားတွေ အဆင်ပြေနေလား၊ မပြေဘူးလားဆိုတာ လာကြည့်ပါ။ ထမင်းပါကျွေးမယ်၊ လာကြည့်လှည့်ပါနော် ” လို့ မိုးစပါးစိုက်ပျိုးသူတောင်သူကြီးက ဆိုပါတယ်။
 
ဓာတ်ပုံ – CJ