မူးယစ်ဆေးဝါးနဲ့ အရက်သေစာ တရားမဝင်သယ်ယူရောင်းချသူတွေကို အရေးယူတော့မယ်လို့ CDF မင်းတပ် အသိပေး

ဇူလိုင်၊ ၄

ချင်းပြည်နယ် တောင်ပိုင်းကမင်းတပ်မြို့နယ်အတွင်မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သယ်ယူရောင်းချသူတွေကို ထိထိရောက်ရောက်စွာအရေးယူမှုတွေ လုပ်တော့မယ်လို့  ချင်းကာကွယ်ရေးတပ် (မင်းတပ်) ကဒီကနေ့ ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ 

“အဓိကတော့ အရက်ဘီယာပေါ့နော်၊တော်လှန်ရေးကာလဖြစ်တဲ့အတွက်အရက်သေစာသောက်စားရင်းနဲ့ လူမှုပြသာနာတွေဖြစ်လာတယ်၊ရဲဘော်တွေကြားမှာလည်း အနစ်နာခံမှုတွေစည်းလုံးမှုမှာအားနည်းမှုတွေရှိလာတော့ ဒါတွေကိုတားထားတယ်၊ဒါတွေက တော်လှန်ရေးကို ဆိုးကျိုးဖြစ်စေတဲ့အရာတွေပေါ့ ဒါကြောင့်ပိတ်ပင်တားဆီးလိုက်တာပါ”လို့ CDF မင်းတပ်က တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းဟာအွမ်က DNA ကိုပြောပါတယ်။

CDFမင်းတပ်အနေနဲ့ ဒေသတွင်းမှာ မူးယစ်ဆေးဝါးနဲ့ အရက်သေစာလျော့နည်းရေး အတွက်ဒေသခံ လူထု၊အုပ်ချူပ် ရေးအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး မြို့တွင်းတချို့နေရာတွေမှာ ရောင်းချမှုတွေရှိနေတာကြောင့် တရားမ ဝင် မူးယစ်ဆေးဝါးနဲ့ အရက်ဘီယာရောင်းချမှုတွေကို ထိထိရောက်ရောက်အရေးယူမှာဖြစ်တယ်လို့ဆိုပါတယ်။

 “အခုကျွန်တော်တို့က မြို့ထဲကိုတော်တော်များများ စီးဝင်မှုတွေရှိထားတယ်၊ ဒါကြောင့် မြို့ပေါ်ကို စစ်ဆေးမှုတွေ လုပ်တော့မယ်ဆိုတဲ့အကြောင်း ကိုအသိပေးတာ” လို့ ဆလိုင်းဟာအွမ်က ပြောပါတယ်။

 မူးယစ်ဆေးနဲ့ အရက်သေစာ တရားမဝင်သယ်ယူရောင်းချမှုကို CDF – မင်းတပ်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် က တည်း ကပိတ်ပင်ထားတာပါ။ဒါပေမယ့် အဲဒီအချိန်ကမြို့နယ်အတွင်း PDF စိုးမိုးနေရာတွေမှာသာ စည်းကမ်းသတ်မှတ်နိုင်ခဲ့တာဖြစ်ပြီး အခုကတော့ မြို့တွင်းအထိပါ လိုက်နာလာဖို့ လုပ်ဆောင်တာလို့လည်းသူကရှင်းပြပါတယ်။

 “ ရွာတွေမှာတော့ရှိတာပေါ့နော်၊ကိုယ့်ဘာသာချက်ပြီးသောက်တာ၊အဲဒါ့ကပြသာနာမရှိဘူး ရောင်းဝယ်ဖောက်ကားတဲ့အဆင့်မရဘူးပေါ့၊အရင်ကလည်း ကျွန်တော်တို့က ဘီယာတွေသယ်လာတယ်ဆိုရင် တခါတည်းဖျက်ဆီးပစ်တာပေါ့၊ပထမဖျက်ဆီးမယ်၊နောက်တကြိမ်ထပ်လုပ်ရင်တော့ သူယူလာမယ့်အပေါ်မူတည်ဆောင်ရွက်မယ်”လို့ ဆလိုင်းဟာအွမ်က ဆိုပါတယ်။

 မင်းတပ်မြို့နယ်အတွင်းမှာ စစ်ကောင်စီထုတ်ကုန်ဖြစ်တဲ့ အရက်ဘီယာတွေအပါအဝင် မူးယစ်စေတဲ့ ဘယ်လို ပစ္စည်းကိုမဆို တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေ လုပ်ခွင့်ပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

 “ တကယ်ပဲ မူးယစ်ဆေးဝါးနဲ့ အရက်သေစားသောက်စားမှုအတွက်လုပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ကကြိုဆိုရမှာပေါ့၊မျှမျှ တတ ဖြစ်မယ်ဆိုရင်တော့ကောင်းမယ်၊ဆိုလိုချင်တာက မြို့ပေါ်မှာတော့ မရောင်းရဘူး၊မသောက်ရဘူးသူတို့ (PDF) တွေကတော့ သောက်နေတယ်ဆိုရင်တော့ မဖြစ်ဘူးလေနော်၊နောက်တခုက ရိုးရာ အရက်ကျတော့ရော ဘယ်လိုဖြစ်မလဲဆိုတာ လူထုသိအောင် ပိုလုပ်သင့်တယ်” လို့ မင်းတပ်ဒေသခံ တဦးကပြောပါတယ်။