ရခိုင်ပြည်နယ်အတွင်းမှာ အရာရှိသင်တန်း စတင်ပြုလုပ်နိုင်ပြီလို့ AA ပြော

ဇူလိုင်၊ ၃

ရခိုင့်တပ်တော် AA ရဲ့ အရာရှိသင်တန်းကို ရခိုင်ပြည်နယ်အတွင်းမှာပဲ ပထမဆုံးအကြိမ် စတင်ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းဆင်းခဲ့သူ ၃၃၀ နီးပါးကို အရာရှိလောင်းတွေအဖြစ် အသိအမှတ်ပြုလိုက်တယ်လို့ AA က ဒီကနေ့ ထုတ် ပြန်ပါတယ်။

သင်တန်းသူ၊ သင်တန်းသား ၃၂၆ ဦး တက်ရောက်တဲ့ အဲဒီသင်တန်းဟာ ရခိုင့်တပ်တော် AA ရဲ့ တတိယအကြိမ် မြောက် အရာရှိသင်တန်းဖြစ်ပြီး ပြီးခဲ့တဲ့ သင်တန်းနှစ်ကြိမ်ကိုတော့ ရခိုင်ပြည်နယ်အတွင်းမှာ မလုပ်နိုင်ခဲ့ဘဲ မ ဟာမိတ် ကချင်ပြည်နယ်မှာ လုပ်ခဲ့တာလို့ ဆိုပါတယ်။

အခုအမှတ်စဥ် ၃ အရာရှိလေ့ကျင့်ရေးသင်တန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ခဲ့တာဖြစ် ပြီး အခုနှစ် ဇွန်လ ၁၉ ရက်မှာ အရာရှိလောင်းတွေအဖြစ် အသိမှတ်ပြု အခမ်းအနားပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ရခိုင့်တပ်တော်ရဲ့ အရာရှိလေ့ကျင့်ရေးသင်တန်းကို ကိုးနှစ်မြောက် ရခိုင့်တပ်တော်နေ့ဖြစ်တဲ့ ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှာ သင်တန်းသူ၊ သင်တန်းသား ၁၃၈ ဦးနဲ့ ကချင်ပြည်နယ်ထဲမှာ စတင်ဖွဲ့လှစ်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

အနာဂတ်မှာ ရက္ခိုင့် တပ်တော်ကို ဦးဆောင်နိုင်တဲ့ စစ်သည်တော်ကောင်းတွေ ပေါ်ထွက်လာရေး၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝတဲ့ စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွက်လာရေး စတဲ့ရည်မှန်းချက်တွေနဲ့ အခုလို လေ့ကျင့်ပေးနေတာဖြစ်တယ်လိုလည်း ဆိုထားပါတယ်။

ရခိုင်တပ်တော်အနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ ကပ်ရောဂါ အခြေအနေတွေကြောင့် မျှော်မှန်းထားတဲ့ အနေအထားကို ပြည့်မီစွာ မရောက်ခဲ့ပေမယ့် အရာရှိလောင်းများ ထွက်ပေါ်လာရေးကဏ္ဍကို အခွင့်ရလျှင်ရသလို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

အရာရှိဖြစ်သင်တန်း အမှတ်စဉ် ၄ ကိုတော့ လာမယ့် ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်ဖို့ လျာထားပြီး ဖွင့်လှစ် မယ့်အချိန်ကို ကြိုပြီး အသိပေးမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။